နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၁၂ ဖေဖော်ဝါရီ ၂၀၂၃ )

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၁၂ ဖေဖော်ဝါရီ ၂၀၂၃ )

ဖေဖော်ဝါရီလ ၁၂ ရက်

အမျိုးသားညီညွတ်ရေး အစိုးရ 

.         အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ၊ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ နှင့် နယူးယောက်က မြန်မာလူထု တွေ့ဆုံပွဲကို အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့က St.James Episcopal Church တွင် ဖေဖော်ဝါရီ ၁၁ ရက်၊ ဒေသစံတော်ချိန် နေ့လယ် ၂ နာရီကနေ ညနေ ၄ နာရီအထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.        ယူကေနိုင်ငံအခြေစိုက် ပြည်ထောင်စုဖွားတိုင်းရင်းသားများမှ စုစည်း၍ ကျင်းပသော "သွေးချင်းချစ်ကြည် အောင်ပွဲဆီသို့" အခမ်းအနားကို ဖေဖော်၀ါရီလ ၁၁ရ က်တွင် လန်ဒန်မြို့၌ ကျင်းပခဲ့ရာ NUG စီးပွားရးနှင့် ကူးသန်းရောင်း၀ယ်ရေး ၀န်ကြီးဌာနပြည်ထောင်စု၀န်ကြီး ပါ၀င်တက်ရောက်ခဲ့ကြောင်း သိရသည်။
.         ကရင်အမျိုးသားများ၏ ပေးဆပ်မှုနှင့် ကြိုးပမ်းမှုအပေါင်းကို ထပ်တူခံစားပြီး များစွာ လေးစား အသိအမှတ်ပြုသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက ဖေဖော်ဝါရီ ၁၁ ရက် ၇၅ နှစ်မြောက် ကရင်အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားသို့ သဝဏ်လွှာပေးပို့ခဲ့သည်။
.       လူငယ်မျိုးဆက်သစ်တို့၏ အမြော်အမြင်ရှိမှု၊ ဆန်းသစ်တီထွင်မှုနှင့် အတူ တော်လှန်ရေးအင်အားစုအားလုံးက ယခုထက် ပိုမို စည်းလုံးညီညွတ်ခြင်းဖြင့် ခိုင်မာသော ယုံကြည်မှုတို့ တည်ဆောက်ကာ တိုင်းရင်းသားပြည်သူအားလုံးအတွက် အေးအတူပူအမျှ ငြိမ်းချမ်းစွာ အတူယှဥ်တွဲနေထိုင်နိုင်မည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး အမြန်ဆုံး တည်ဆောက်သွားနိုင်ရေးအတွက် “စည်းလုံးညီညာအောင်ကြောင်းဖြာ” ဟူသော ထုံးကိုနှလုံးမူလျက် ရေပက်မဝင် စည်းလုံးခြင်းဖြင့် အတူတကွရှေ့ဆက်ကြရန် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ယနေ့ ကျရောက်သည့်ပင်လုံစာချုပ်ချုပ်ဆိုခြင်း (၇၆)နှစ်မြောက်သို့ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။
.         နွေဦးတော်လှန်ရေးကာလတွင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဘုံရည်မှန်းချက်တူ အင်အားစုများအားလုံးနှင့်ပူးပေါင်းဆောင်ရွက်ရန်ကြိုးပမ်းအားထုတ်လျက်ရှိပြီး စစ်အာဏာရှင်စနစ်ဆိုးကို ဖျက်သိမ်းပြီးနောက်တွင်လည်း အနာဂတ်နိုင်ငံတော်ကို တိုင်းရင်းသားပြည်သူတို့နှင့် စိတ်တူကိုယ်တူ လက်တွဲကာတည်ဆောက်မည်ဟု စိတ်ပိုင်းဖြတ်ပြီး  အကောင်အထည်ဖော်ဆောင်မည် ဖြစ်ကြောင်း ကို (၇၆) နှစ်မြောက်ပင်လုံစာချုပ်ချုပ်သည့်နေ့  (ပြည်ထောင်စုနေ့) အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်ကော်မတီက ကတိကဝတ်ပြု သဝဏ်လွှာပေးပို့ဖော်ပြထားသည်။
.         ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အဖြစ်တည်ဆောက်နိုင်ရေးအတွက် တခြားသော တိုင်းရင်းသားများနှင့် အတူ လက်တွဲပြီး ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) က ယနေ့ ကျရာက်သည့် ပင်လုံစာချုပ်ချုပ်ဆိုသည့် ၇၆ နှစ်ပြည့် အခမ်းအနားကို ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။
.       အမေရိကန်မရိန်း တပ်ဖွဲ့မှ သင်တန်းဆရာ နှင့် KNU သင်တန်းဆရာများ ပူးပေါင်းသင်တန်း ပေးနေသည့် တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး အထူးစစ်ဆင်ရေး သင်တန်းအပတ်စဥ် - ၄ အထိ ရောက်ရှိနေပြီဖြစ်ကြောင်း တောင်ပိုင်းစစ်ဒေသ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F  တာဝန်ရှိသူတစ်ဦးက ပြောသည်။
.         ငွေကြေးပြဿနာဖြစ်ပွားခဲ့သည့် Free Online Education Institution Myanmar (FOEIM) ကျောင်းကိစ္စ နှင့် ပတ်သက်ပြီး ကျောင်းတည်ထောင်သူ ကိုခန့်သူနှင့် ကျောင်းပညာသင်ကြားရေးကို ပျက်စီးအောင်ပြုလုပ်ခဲ့သူများအားလုံးကို အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုအတိုင်း သက်ဆိုင်ရာ ဥပဒေများအရ အရေးယူသွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ပညာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၀ ရက်က ထုတ်ပြန်လိုက်သည်။
.         နွေဦးစံရိပ်မွန် စီမံကိန်းက တိုက်ခန်းပေါင်း ၁၀၀၀၀ ကို ဖေ‌ဖော်ဝါရီ ၁၁ ရက်က စတင်ပြီး ရောင်းချခဲ့ရာမှာ ၂၄ နာရီအတွင်း တိုက်ခန်းပေါင်း ၆၅၀၀ အတွက်ရောင်းချပေးနိုင်ခဲ့သည်ဟု The End of Dictatorship ထံမှ သိရသည်။
.         စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်းက အကြမ်းဖက်စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် မီးဘေးသင့်ခဲ့ရသည့် ကျေးရွာ ၆ ရွာက ပြည်သူများကို ဖေဖော်ဝါရီ ၁၀ ရက်ကလူသားချင်း စာနာမှု ကူညီထောက်ပံ့မှုများ ပေးအပ်ခဲ့သည်ဟု စစ်ကိုင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
 

တော်လှန်ရေး လှုပ်ရှားမှုများ 
 

.        ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ  ဖေဖော်ဝါရီ ၁၂ ရက်တွင် "နှောင်ကြိုးမှ တပါး ဆုံးရှုံးစရာမရှိ" စာသားရေးဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
.         စစ်ကိုင်းတိုင်း၊ မုံရွာ - မန္တလေးလမ်းမကြီး၏ မုံရွာ-ချောင်းဦးလမ်းပိုင်း တစ်နေရာ၌ ဖေဖော်ဝါရီ ၁၂ ရက်၊ နံနက် ၄ နာရီခွဲခန့်က မုံရွာမြို့မှထွက်လာသော ယာဉ်ကြီး ခြောက်စီးပါ ယာဥ်တန်းအား မိုင်းပွိုင့်ပေါ်အရောက် ပဒေသာမိုင်း သုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း PDF-South Monywa ၏ တာဝန်ခံ ဒေါင်းကာရန်က ပြောသည်။
.         ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီ ၁၂ ရက်တွင် အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
.         ယင်းမာပင်မြို့နယ်က လံလွှင့်မည် ရွှေရေကြည် သပိတ်စစ်ကြောင်း ဦးဆောင်ကာ ဖေဖော်ဝါရီ ၁၂ ရက်တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
.         စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် မြောက်ခြမ်း သပိတ်အင်အားစုများ ဦးဆောင်ကာ ဖေဖော်ဝါရီ ၁၂ ရက်တွင် စစ်အာဏာရှင် တော်လှန် ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
.         စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် ယနေ့ ဖေဖော်ဝါရီ ၁၂ ရက်၊ နံနက်ပိုင်း၌ နွေဦးတော်လှန်ရေးသပိတ်အင်အားစု(ကနီမြို့နယ်)မှ ဦးဆောင်၍ ကျဆုံးရဲဘော် ဇင်မင်းအောင်၏ (၁)လပြည့် အောက်မေ့ဖွယ် အခမ်းအနားနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ် ကျင်းပပြုလုပ်ခဲ့သည်။
.         စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ မီးဘေးသင့် ပြည်သူများကို အားမာန်သစ် သပိတ်အင်အားစု၊ Salingyi Border Task Force - SBTF (ပကဖ) ၊ ရပ်ကျေး ပအဖ များ ပူးပေါင်းကာ ဆန် နှင့် ဆီများ လှူဒါန်းခဲ့ကြောင်း သိရသည်။
.         စစ်ကိုင်းတိုင်း၊ ကလေးမြို့ ၊ တောင်ဇလပ်ရပ်ကွက်၊နယ်မြေ (၇) တွင် နေထိုင်သည့် အသက် ၁၉ နှစ်အရွယ် မြို့ခံလူငယ်တစ်ဦးသည် ဖေဖော်ဝါရီ ၉ ရက်၊ ညနေ ၆ နာရီခန့်က စစ်ကောင်စီတပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် သေဆုံးခဲ့ကြောင်း မြို့ခံများကပြောသည်။
.         စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အင်းတော်မြို့နယ်၊ ကမ်းနီကျေးရွာတွင် မီးသွေးလုပ်ငန်းလုပ်ကိုင်သူ တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) အဖွဲ့ဝင်ဖြစ်သည်ဟုဆိုကာ ဖေဖော်ဝါရီ ၈ ရက်က ဖမ်းဆီးသွားကြောင်း Indaw Revolution- IR ထံမှ သိရသည်။
.         စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို ဖေဖော်ဝါရီ ၈ ရက် နှင့် ၉ ရက် နှစ်ရက်ဆက်တိုက် အကြမ်းဖက် စစ်တပ် မီးရှို့မှုကြောင့် နေအိမ် ၁၃၀ ကျော် ပြာကျခဲ့ကြောင်း KLG PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
.         စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းမှတိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ထံမှ သိမ်းဆည်းရရှိ ထားသောလက်နက်များဖြင့် စစ်ကောင်စီတပ်ဖွဲ့ကိုပြန်လည်မောင်းထုတ်နိုင်ရန် လိုအပ်သော “ကျည်ဆံ ၃၀၀၀  Challenge” တွင် ပါဝင်ပေးကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကလေးခရိုင် တပ်ရင်း(၇)က ဖိတ်ခေါ်ထားသည်။
.         မကွေးတိုင်းတွင် ဗကသများ အဖွဲ့ချုပ် ဗဟိုစည်းရုံးရေးကော်မတီ (ပခုက္ကူဒေသ) ရဲဘော်များနှင့် ပခုက္ကူလူထုတိုက်ပွဲကော်မတီ-PPRC တို့ပူးပေါင်းပြီး ဖက်ဆစ် စစ်တပ် အမြစ်ပြတ်ချေမှုန်းရေး ယနေ့ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
.         မကွေးတိုင်း၊ မကွေးမြို့၊ ပြည်တော်သာရပ်ကွက်တွင် ဖေဖော်ဝါရီ ၁၀ ရက်၊ ညနေပိုင်းက ယာဉ်ထိန်းရဲ တစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း မကွေးပြောက်ကျားတပ်ဖွဲ့မှ ယမန်နေ့က သတင်းထုတ်ပြန်သည်။
.         တနင်္သာရီတိုင်း၊ ပုလောစစ်ရှောင်စခန်းမှ ပြည်သူများက စစ်အာဏာရှင် ပြုလုပ်မည့် တရားမဝင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဖေဖော်ဝါရီ ၁၂ ရက်တွင် ဆန္ဒပြခဲ့ကြောင်း သိရသည်။
.         တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသတွင် ဖေဖော်ဝါရီ ၁၁ ရက်၊ နံနက်ပိုင်းက ဒေသခံအမျိုးသမီး ငါးဦးကို ကံပေါက်ရေတပ်စခန်းမှ ရဲနှင့်စစ်ကောင်စီတပ်သားများက ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။
.         ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ နောင်ချိုမြို့နယ်တွင်  စစ်ကောင်စီတပ် နှင့် မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့ ဖေဖော်ဝါရီ ၁၀ ရက်က တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၂၅ ဦးသေဆုံးကာ ပြည်သူ့ကာကွယ်ရေးရဲဘော်နှစ်ဦးကျဆုံးခဲ့ကြောင်း မန္တလေးပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ - MDY PDF က ဖေဖော်ဝါရီလ ၁၁ရက်ညတွင် ထုတ်ပြန်သည်။
.         မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြ ကျေးရွာအုပ်စု၊ မိကျောင်းအိုင် ကျေးရွာ ဘုန်းကြီးကျောင်းထဲသို့ ဖေဖော်ဝါရီ ၁၁ ရက်၊ ည ၈ နာရီခွဲခန့်က စစ်တပ်က လက် နက်ကြီး ဖြင့် ပစ်ခတ်မှု သံဃာတော် ၁ ပါး နှင့် ကိုရင် ၂ ပါး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသပြည်သူများထံမှ သိရသည်။
.        ရှမ်း -ကရင်နီ (ကယား)ပြည်နယ်အစပ်ရှိ ဖယ်ခုံမြို့နယ် မယ်တော်ဂူကုန်းအား ဖေဖော်ဝါရီ ၁၁ ရက် ညပိုင်းက စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဖယ်ခုံ PDFက ယနေ့ ထုတ်ပြန်သည်။ 
.         အစ္စရေးနိုင်ငံ မြန်မာသံရုံးရှေ့တွင် ပြည်ပရောက် မြန်မာနိုင်ငံသားများ ဦးဆောင်ကာ ဖေဖော်ဝါရီ ၁၁ ရက်တွင် စစ်ကောင်စီ ပြုလုပ်မည့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြကြသည်။
.         နွေဦးတော်လှန်ရေးအင်အားစုများနှင့်အတူ စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင် စနစ်ဟူသမျှ ချုပ်ငြိမ်းရေး၊ ဆက်လက်ပါဝင်ကြိုးပမ်းသွားရန်ကတိပြုသည်ဟု အမျိုးသမီးငြိမ်းချမ်းရေးကွန်ရက်က ဖေဖော်ဝါရီ ၁၂ ရက် ပင်လုံစာချုပ်ချုပ်ဆိုခြင်း (၇၆)နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားကို သဝဏ်လွှာပေးပို့ခဲ့သည်။
.         အာဏာရှင်စနစ်ဟူသမျှကို တွန်းလှန်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတစ်ရပ် ပေါ်ထွန်းသည်အထိ အတူတကွ တိုက်ပွဲဝင်သွားရန် ကတိကဝတ်ပြုကြောင်း ၈၈မျိုးဆက် (ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) က ဖေဖော်ဝါရီ ၁၁ ရက်တွင်  ပင်လုံစာချုပ် ချုပ်ဆိုခြင်း (၇၆) နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားကို သဝဏ်လွှာပေးပို့ခဲ့သည်။
 

တိုင်းရင်းသား လက်နက်ကိုင်များ

.        အာဏာသိမ်းလိုက်သည့်အတွက် အရှိန်ရနေသည့်ငြိမ်ချမ်းရေးလုပ်ငန်းစဉ်များ နိုင်ငံရေးဆွေးနွေးပွဲများ ရပ်ဆိုင်းသွားခဲ့ရသည်ဟု ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်မှုကော်မတီ (PPST-LC) က ယနေ့ ‌ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့ သဝဏ်လွှာတွင် ထုတ်ပြန်လိုက်သည်။
.         နိုင်ငံ၏ ကံကြမ္မာကို တစ်စုတစ်ဖွဲ့ လက်ထဲအပ်နှံသည့် လွန်ခဲ့သည့် ကာလကအမှားများကို နိုင်ငံတကာကလည်း ရှောင်ကျဉ်ရန် လိုအပ်ပြီး စစ်အာဏာသိမ်းယူမှု အလွန် အသွင်ကူးပြောင်းရေးကာလတွင် အားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများဖြင့် နိုင်ငံ့ အနာဂတ်ကို အတူတကွ ဖော်ဆောင်ရန် မရှိမဖြစ်လိုအပ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ယနေ့ကျရောက်သည့် ပင်လုံစာချုပ်ချုပ်ဆိုခြင်းနေ့သို့ ပေးပို့သည့် သဝဏ်လွှာ၌ ဖော်ပြသည်။
.         နွေဦးတော်လှန်ရေးအင်အားစု အသီးသီးမှ ပင်လုံစာချုပ်နှင့်သံဓိဌာန်ချ ပင်လုံကတိကဝတ်များကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရန်စိတ်အား ထက်သန် စွာဖြင့်  ကြိုးစားနေမှုများသည် နိုင်ငံရေးရလဒ်ကောင်းများနှင့်အတူ ဒီမိုကရေ စီရေး၊အမျိုးသားတန်းတူရေးနှင့်ပေါ်ထွန်းလာစေမည့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများ အပြည့်အ၀ ရှိသောဖက် ဒရယ်ပြည်ထောင်စု  အရင်းအမြစ်များ ဖြစ်သည်ဟု ယုံကြည်ကြောင်း Kachin Political Interim Coordination Team(KPICT)က ပင်လုံစာချုပ်ချုပ်ဆိုခြင်းနေ့သို့ သဝဏ်လွှာပေးပို့သည်။
.         ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တံတားဦးရပ်ကွက်၊ ညောင်ပင်အောက်ဂိတ် စစ်တပ်ဂိတ်စခန်းကို ဖေဖော်ဝါရီ ၁၁ ရက်၊ နံနက် ၅ နာရီခွဲခန့်က KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦး သေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ကျားဖြူစစ်ကြောင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။ 
.         သင်တန်းသား ၂၈ ဦး ပါဝင်သည့် တအာင်းတပ်မတော် (PSLF/TNLA)၏ ရဲထောက်လှမ်းရေး အပတ်စဉ် (၁) သင်တန်းဆင်းပွဲကို ဖေဖော်ဝါရီ ၁၁ ရက်က TNLA ထိန်းချုပ်နယ်မြေတစ်နေရာတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
.         ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ရင်း (၂၇) နယ်မြေ၌ ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ် နှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ယမန်နေ့က ထုတ်ပြန်ထားသည်။
.         စစ်ကောင်စီက လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူနှင့် လက်နက်မှတ်ပုံတင်ခွင့်ပြုခြင်းသည် ပြည် သူအချင်းချင်းကြား လက်နက်အားကိုး၍ တရားမဲ့အကြမ်းဖက်မှုများ ဖြစ်လာနိုင်သည်ဟု ချင်းအမျိုးသား တပ်ဦး (CNF) ၏ ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းထက်နီက ပြောသည်။
 

စစ်ကောင်စီ 

.         မြန်မာနိုင်ငံတစ်ဝန်း အရေးပေါ်ကာလ စစ်အုပ်ချုပ်ရေး ကြေညာထားချိန် ပွဲကြိုက်သည့် စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင်လည်း ပွဲအမျိုးမျိုး ဖန်တီး၍ တက်နေချိန် ဖေဖော်ဝါရီ ၁၁ ရက်က Grand Convention Center တွင် ကျင်းပသည့် စစ်ကောင်စီ ရေတပ် ဗိုလ်ကြီး အောင်မြင့်ထွန်း နှင့် မသီရိလွင်တို့၏ မင်္ဂလာဧည့်ခံပွဲပါမချန် တက်ရောက်ခဲ့ကြောင်း သိရသည်။
.         အယူအဆ မတူသူများကို ရန်သူသဖွယ် သဘောထားကာ ရန်ပြုတိုက်ခိုက်နေခြင်းသည် ဒီမိုကရေစီ နှင့် မကိုက်ညီဘဲ စည်းလုံးမှုကို ပျက်ပြားစေသည်ဟု စစ်ကောင်စီ ခေါင်းဆောင် မင်းအာင်လှိုင်က ယနေ့ ဖေဖော်ဝါရီ (၁၂) ရက်တွင် ကျရောက်သည့် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာ၌ ဖော်ပြထားသည်။
.         စစ်ကောင်စီ လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Fang Hong ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဖေဖော်ဝါရီ ၁၀ ရက်၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
.         ရန်ကုန်တိုင်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁၂ ရက်တွင်ကျရောက်သည့် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားအား ပြည်သူ့ရင်ပြင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
.         နေပြည်တော်က ရေပူစမ်းအပန်းဖြေစခန်းကို ကနဦး ၁၀ နှစ်ကနေ အနှစ် ၂၀ အထိ နှစ်ရှည်အငှားချစနစ်ဖြင့် ငှားရမ်းသွားဖို့ရှိနေသည်ဟု စစ်ကောင်စီ လက်အောက်ခံ  နေပြည်တော်စည်ပင်သာယာရေးကော်မတီက အသိပေးကြေညာထားသည်။
 

ဖေဖော်ဝါရီ ၁၂ ရက် သုံးသပ်ချက်

.      အာဏာသိမ်းစစ်ခေါင်းဆောင်သည် ၎င်းလက်အောက်ခံ တပ်ဖွဲ့ဝင်များ နေ့စဉ်သေဆုံးမှုများနေသော်လည်း ၎င်းကတော့ မင်္ဂလာပွဲပါမချန် ပွဲမျိုးစုံတက်ကာ အေးဆေးသက်သာ နေထိုင်နေပြီး ဘယ်သူသေသေ ငတေမာ ပြီးရော တစ်ကိုယ်ကောင်းဆန်ကာ ကိုယ်ကျိုးအတွက် ကြည့်သူဖြစ်သည်။
.        စစ်အာဏာရှင်စနစ်ကို တိုင်းရင်းသားပြည်သူအားလုံး အတူတကွပူးပေါင်းပြီး အောင်မြင်သည့်အထိ အမြစ်ဖြတ်ချေမှုန်းကြရန် ယနေ့ ကျရောက်သည့် ပြည်ထောင်စုနေ့တွင် အမျိုးသား ညီညွတ်ရေး အစိုးရ နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက တိုက်တွန်းလိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly