အာဆီယံကို ‘ကြိုးဆွဲရာ’ အဖြစ် အသုံးမချရန် ပြင်ပကမ္ဘာကို အင်ဒိုနီးရှား ပြော 

အာဆီယံကို ‘ကြိုးဆွဲရာ’ အဖြစ် အသုံးမချရန် ပြင်ပကမ္ဘာကို အင်ဒိုနီးရှား ပြော 

ဖေဖော်ဝါရီလ ၇ ရက်

အင်ဒိုနီးရှားနိုင်ငံသည် ဒေသတွင်း နိုင်ငံခြားရေးဝန်ကြီးများကြား နှစ်ရက်တာ အစည်းအဝေး အစ သောကြာနေ့၌ မြန်မာပဋိပက္ခနှင့် ပတ်သက်ပြီး စည်းလုံးညီညွတ်ရန်နှင့် တိုးတက်မှု ဖော်ဆောင်ရန် တိုက်တွန်းလိုက်ပြီး အင်အားကြီးနိုင်ငံများအနေဖြင့် ၎င်းတို့၏ ယှဉ်ပြိုင်မှုများအတွက် အရှေ့တောင်အာရှကို “ကြိုးဆွဲရာ ကိုယ်စားပြုမှု” အဖြစ် အသုံးမချကြရန် ပြောဆိုသည်။ 

အရှေ့တောင်အာရှ၏ စီးပွားရေး အကြီးဆုံး အင်ဒိုနီးရှားနိုင်ငံသည် အဖွဲ့ဝင် ဆယ်နိုင်ငံပါ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ၏ ၂၀၂၃ အတွက် ဥက္ကဋ္ဌဖြစ်ပြီး တရုတ်နှင့် အမေရိကန်တို့ ပုံမှန်အားဖြင့် ပါဝင်လေ့ရှိရာ အဖွဲ့ကြီး၏ နှစ်ပတ်လည် ခေါင်းဆောင်များ အစည်းအဝေးကို ယခုနှစ်နောက်ပိုင်းတွင် အိမ်ရှင်အဖြစ် ကျင်းပရန် ရှိသည်။ 

အချို့သော အာဆီယံအဖွဲ့ဝင်နိုင်ငံများက တရုတ်နှင့် တောင်တရုတ်ပင်လယ်အရေး အငြင်းပွားနေပြီး တရုတ်၏ ကြီးထွားလာသော ငါတကောကောမှုများကို အမေရိကန်၏ ဆန့်ကျင်မှုအတွက် လိုလားမှုများ မြင့်တက်နေလင့်ကစား အခြားသော အဖွဲ့ဝင်များက အာရှ၏ မဟာအင်အားကြီး တရုတ်နှင့် တစ်သဘောတည်း ပြဿနာကိစ္စရပ်များတွင် ထောက်ခံကြောင်း ပြသကြသည်။ 

“အာဆီယံအနေဖြင့် မည်သည့်အုပ်စုအတွက်မှ ကြိုးဆွဲရာ မဖြစ်သင့်ကြောင်း” သောကြာနေ့ အစည်းအဝေး မစတင်မီ ဆွေးနွေးပြောဆိုရာ၌ အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက အာဆီယံဝန်ကြီးများအား ပြောပြီး ယင်းသည် ပြီးခဲ့သည့်နှစ် ကမ္ဘောဒီးယားက အာဆီယံခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး၌ ပြောဆိုထားမှုကို ထပ်လောင်းပြောဆိုခြင်းပဲ ဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆူဒီက ပြောသည်။ 

ဆွေးနွေးပွဲတွင် ကြီးစိုးနေသည့် အခြားသော ကိစ္စရပ်မှာ ၂၀၂၁ အတွင်း စစ်တပ် အာဏာသိမ်းလိုက်ချိန်မှစကာ ဝရုန်းသုန်းကား အခြေအနေ ဆိုက်ရောက်နေသည့်  စစ်တပ် အုပ်ချုပ်ခံ မြန်မာနိုင်ငံက အကျပ်အတည်းပဲ ဖြစ်သည်။  

မြန်မာအာဏာသိမ်း စစ်ကောင်စီသည် အာဆီယံအဖွဲ့ဝင်အဖြစ် ဆက်လက်ရှိနေဆဲ ဖြစ်သော်လည်း စစ်တပ်နှင့် မြန်မာအာဏာသိမ်းမှု ဆန့်ကျင်သော လှုပ်ရှားမှုများကြား ငြိမ်းချမ်းရေး ရရှိရန် အာဆီယံ၏ အစီအစဉ်အပေါ် အကောင်အထည်ဖော်မှု လစ်ဟာခြင်းကြောင့် ထိပ်သီးအစည်းအဝေးများမှ တားမြစ်ခံထားရသည်။ 

သောကြာနေ့က အာဆီယံဆွေးနွေးပွဲများသို့ ယခုသီတင်းပတ်အတွင်းက ခန့်အပ်သော စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တက်ရောက်ရခြင်း မရှိပေ။ အာဆီယံက စစ်ကောင်စီ အဖွဲ့ဝင်ကို ဖိတ်ကြားရန် ငြင်းဆန်ထားခြင်း ဖြစ်ပြီး “နိုင်ငံရေးနယ်ပယ်မှ မဟုတ်သည့် ကိုယ်စားလှယ်” ကိုသာ စေလွှတ်ရန် မေတ္တာရပ်ခံသည်ကို နေပြည်တော်က ပယ်ချသည်။ 

အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရေးနှင့် စစ်တပ်နှင့် တော်လှန်ရေးအဖွဲ့များကြား ဆွေးနွေးပွဲများ ပေါ်ပေါက်ရေးကို တောင်းဆိုထားသော အာဆီယံနှင့် စစ်ကောင်စီကြားက ၂၀၂၁ ဧပြီလ၌ သဘောတူထားသည့် “ဘုံသဘောတူညီချက် ငါးရပ်” အပေါ် အနည်းငယ်သာ ဆောင်ရွက်မှု ရှိသည်။ 

သို့ရာတွင် အာဆီယံခေါင်းဆောင်များ၏ ဘုံသဘောတူညီချက် ငါးရပ်သည် မြန်မာနိုင်ငံက ပြဿနာများအား ဖြေရှင်းရေး၌ အထောက်အပံ့ပြုသည့် အဓိက သဘောတူညီချက် ဖြစ်သင့်သည်ဟု ဝီဒိုဒိုက အလေးထား ပြောဆိုကြောင်း မာဆူဒီက ပြောခဲ့သည်။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly