မြန်မာအမျိုးသမီးငယ်များ၏ သက်ဝင်လှုပ်ရှား ဓာတ်ပုံများ လေလံတင်ပွဲမှ ကန်ဒေါ်လာ ငါးထောင်ကျော် အထိရရှိ

မြန်မာအမျိုးသမီးငယ်များ၏ သက်ဝင်လှုပ်ရှား ဓာတ်ပုံများ လေလံတင်ပွဲမှ ကန်ဒေါ်လာ ငါးထောင်ကျော် အထိရရှိ
Girl Determined အဖွဲ့အစည်းမှ နာမည်ကျော် ဓာတ်ပုံပညာရှင် Andrew Stanbridge ၏ ဓာတ်ပုံ လက်ရာများကို ရန်ပုံငွေရှာဖွေရေး လေလံတင် ရောင်းချပွဲကို ဇွန်လ ၂၈ ရက် ညနေ ၄ နာရီက ရန်ကုန် ဗဟန်းမြို့နယ်ရှိ Goethe Villa တွင် ကျင်းပပြုလုပ်နေစဉ်။ (ဓာတ်ပုံ - သက်ကို၊ မဇ္စျိမ)

ရန်ကုန် (မဇ္ဈိမ)။ ။ အသက် ၁၂ နှစ်နှင့် ၁၇ နှစ်ကြားရှိ မြန်မာမိန်းကလေးငယ်များ ကိုယ်ပိုင်အခွင့် အရေးနှင့် အနာဂါတ်များ ပုံဖော်နိုင်စေရန်အတွက် အခမဲ့ လေ့ကျင့်သင်ကြားပေးနေသည့် Girl Determined အဖွဲ့၏ ‘Girl Determined Fundraiser’ ရန်ပုံငွေပွဲတွင် မြန်မာအမျိုးသမီးငယ်များ၏ သက်ဝင် လှုပ်ရှား နေ သော လူမှုဘ၀ ဓာတ်ပုံ ၁၄ ပုံ ကိုလေလံတင်ရောင်းချခဲ့ရာ ကန်ဒေါ်လာ ၅၅၀၀ အထိရရှိခဲ့ သည်ဟု  Girl Determined ကို တည်ထောင်သူ Ms.Brooke Zobrist ထံက သိရသည်။

အဆိုပါလေလံပွဲကို ဇွန် ၂၈ ရက်က ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကိုယ့်မင်းကိုယ်ချင်းလမ်းရှိ  Goethe Villa တွင်
ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းပွဲတွင် အာရှ၊ အာဖရိကနှင့် အမေရိကန် နိုင်ငံများတွင် ၁၅ နှစ်ကျော်ကြာ ဓါတ်ပုံပညာရပ်ဆိုင်ရာ လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ခဲ့သည့် ဓာတ်ပုံပညာရှင် Andrew Stanbridge က Girl Determined အဖွဲ့၏ လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူ မိန်းကလေးငယ်များ၏ တိုးတက်မှုများကို ၂၀၁၂ခုနှစ်မှ၂၀၁၅အတွင်း  သုံးနှစ်ကျော်ကြာ မှတ်တမ်းတင် ရိုက်ကူးထားသည့်လ က်ရာများမှ ဓာတ်ပုံပေါင်း ၃၃ ပုံကိုပြသခဲ့ကာ ယင်းတို့အနက်မှ ၁၄ ပုံကို လေလံတင်ခဲ့ခြင်းဖြစ်သည်။

Girl Determined ကိုတည်ထောင်သူ Ms.Brooke Zobrist က “အဲဒီပုံရိပ်တွေဟာ မြန်မာမိန်း ကလေးများရဲ့ လူမှုဘဝတွေ သူတို့တွေရဲ့ ပျော်ရွင်မှုတွေနဲ့ အခက်အခဲတွေသာမက၊ အောင်မြင်မှုတွေကို ထင်ဟပ်စေမှာ ဖြစ်ပြီးတော့ မိန်းကလေးငယ်တွေက မြန်မာနိုင်ငံအနာဂတ်အတွက် ဘယ်လောက် အရေးပါတယ် ဆိုတာကို အများပြည်သူကို ပြသနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်" ဟု ဆိုသည်။

ဓာတ်ပုံ လေလံတင်ရာမှ ရရှိလာသောအကျိုးအမြတ်များကို မြန်မာနိုင်ငံတစ်ဝှမ်းရှိ မိန်းကလေးငယ်များ သူတို့၏ အနာဂတ်များကို ကိုယ်တိုင်ပုံဖော်ရာတွင် လိုအပ်သော အတတ်ပညာများနှင့် မိမိကိုယ်ကို ယုံကြည်မူ များကို ရရှိစေရန် ကြိုးပမ်းဆောင်ရွက်မှုများတွင် အသုံးပြုသွားမည်ဟုလည်း  Girls Determined အဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ   မနန့်သဇင်မင်းက ဆိုထားသည်။  

 ဓာတ်ပုံပညာရှင် Mr.Andrew Stanbridgeက "ကျွန်တော့ကို Girl Determined အဖွဲ့နဲ့စပြီး ၂၀၁၂ မှာ မိတ်ဆက်ခဲ့တဲ့အခါမှာ သူတို့အဖွဲ့က မိန်းကလေးငယ်တွေရဲ့ဘဝအတွက် အပြုအဘောဆောင်တဲ့ အကျိုးရလဒ်တွေ ရရှိစေခဲ့တာတွေကိုတွေ့လိုက်ရတော့ အံ့သြမိသွားတယ်၊ သူတို့အဖွဲ့ရဲ့ အောင်မြင်မှုတွေကို လူတွေပိုပြီး ကျယ်ကျယ်ပြန့်ပြန့်သိစေအောင် ပြောပြပေးဖို့ ကူညီပေးချင်မိတဲ့ အတွက် သူတို့အလုပ်တွေကို ဓာတ်ပုံရိုက်တဲ့ရေရှည် စီမံကိန်းကိုစတင်ခဲ့တယ်" ဟု မဇ္ဈိမကို ပြောသည်။

ဇွန် ၂၈ ရက်က ပြုလုပ်သော ယင်းရန်ပုံငွေ ရှာဖွေပွဲ(လေလံပွဲ)ကို လူ ၂၀၀ ကျော် တက်ရောက်ခဲ့ပြီး ကံစမ်းမဲ လက်မှတ်များ နှင့် လေလံ ရောင်းချရငွေမှ  စုစုပေါင်း ကန်ဒါ်လာ  ၁၁၀၈၀ ရန်ပုံငွေ ရရှိခဲ့ကာ Andrew Stanbridge ၏ ဓါတ်ပုံလေလံ သီးသန့်ရောင်းချရငွေမှ စုစုပေါင်း ရန်ပုံငွေ ကန်ဒေါ်လာ ၅၅၀၀ ရရှိခဲ့သည်။ ဓာတ်ပုံလေလံ စတင်ဖွင့်သည့် ကြမ်းခင်းဈေးမှာ ကန်ဒေါ်လာ ၁၅၀ မှ ၂၀၀ ကြားဖြစ်ပြီး ဈေးအမြင့်ဆုံး ဓါတ်ပုံမှာ ကန်ဒေါ်လာ ၆၀၀ ရရှိခဲ့ပြီး  စုစုပေါင်း ဓါတ်ပုံ ၁၄ ပုံ ရောင်းချခဲ့ရ သည်ဟု Ms.Brooke Zobristထံက သိရသည်။

Girl Determined အဖွဲ့မှ ဆင်ခြေဖုံးရပ်ကွက်များနှင့် ကျေးလက်တောရွာတို့တွင် နေထိုင်ကြသည့် တိုင်းရင်းသားပေါင်းစုံ၊ ဘာသာပေါင်းစုံတို့မှ မိန်းကလေးငယ်များ၏ ရင်ဆိုင်နေရသော အခက်အခဲ များဖြစ် သည့် ဆုံးခန်းတိုင် ပညာသင်ခွင့် မရှိခြင်း၊ ကလေးလုပ်သားများအဖြစ် ခိုင်းစေခံရခြင်းတို့အပြင် ကျားမဖြစ်ခြင်းအပေါ် အခြေပြု အကြမ်းဖက်မှုများ၊ အရွယ်မတိုင်ခင် အိမ်ထောင်ပြုခြင်းနှင့် လူကုန်ကူး ခံရခြင်းတို့ လျော့ပါးပျောက်ပျက်စေရန် ယင်းအဖွဲ့၏ အပတ်စဉ် စက်ဝိုင်းလှုပ်ရှားမှုများ မှတစ်ဆင့် မိန်းကလေးငယ်များ၏ ပညာရေး၊ ကျန်းမာရေးဗဟုသုတ၊ ဆုံးဖြတ်ချက်ချမှတ်ရာတွင် ပါဝင်ပတ် သက်ခြင်းနှင့် ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကိစ္စများအတွက် လေ့ကျင့် သင်ကြား ပေးလျက် ရှိသည်ဟုလည်း  မနန့်သဇင်မင်းက ဆိုသည်။

Girl Determined အဖွဲ့ကို ၂၀၁၀ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး အပြည်ပြည်ဆိုင်ရာ မိန်းကလေးငယ်များနေ့ကို
မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ဦးဆောင်ကျင်းပ၍ အပြုသဘောဆောင်သော စည်းရုံးလှုံ့ဆော်မှု (Campaign) အစီအဉ်များကို ပြုလုပ်နိုင်ကြစေရန် ပံ့ပိုးပေးမှုများလည်း လုပ်ဆောင်ပေးခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly