စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့်ပစ်ခတ်မှုကြောင့် ဝင်းကံကျေးရွာမှ ဒေသခံ ၄၀၀၀ နီးပါး စစ်ဘေးရှောင် နေရ

စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့်ပစ်ခတ်မှုကြောင့် ဝင်းကံကျေးရွာမှ ဒေသခံ ၄၀၀၀ နီးပါး စစ်ဘေးရှောင် နေရ

ဇန်နဝါရီလ ၂၅ ရက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် KNU တပ်မဟာ(၁)နယ်မြေရှိ ဝင်းကံကျေးရွာအတွင်းသို့ ရွှေကျင်အခြေစိုက် ခလရ(၅၉၈)မှ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် နေအိမ်သုံးလုံး ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံ ၃၈၀၀ ကျော် နေအိမ်စွန့်ခွာ၍တိမ်းရှောင်နေရကြောင်း KNU- ဒူးသာထူးခရိုင် ဖေ့စ်ဘုတ်ပေ့ချ်မှ ဇန်ဝါရီလ ၂၃ ရက်နေ့တွင် တရားဝင်ထုတ်ပြန်ထားသည်။

ဇန်ဝါရီလ ၁၆ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် ရွှေကျင်အခြေစိုက် ခလရ(၅၉၈) မှ လက်နက် ကြီးများဖြင့်ပစ်ခတ်မှုကြောင့် ဝင်းကံကျေးရွာမှ နေအိမ်သုံးလုံးထိမှန်ပျက်စီးခဲ့ကြောင်း၊ စစ်ကောင်စီတပ် မှ လက်နက်ကြီးများဖြင့်ပစ်ခတ်နေမှုကြောင့် ဝင်းကံ၊ ဇီးပြောင်း၊ ပိန္နဲကုန်း၊ ပျဉ်းကတိုးကုန်း၊ ခရွဲအစရှိ သည့် ကျေးရွာများမှ ဒေသခံ ၃,၈၀၀ ဝန်းကျင်ခန့်သည် နေအိမ်စွန့်ခွာ၍ ဘေးကင်းရာသို့ ပြောင်းရွှေ့နေ ထိုင်နေကြရကြောင်း သိရသည်။

“စစ်ကောင်စီတပ်က သူတို့ကို ဘယ်အဖွဲ့ကပဲပစ်ပစ် ရွာထဲကိုလက်နက်ကြီးပစ်မှာလို့ပြောတယ်။ သူတို့ အဲဒီလိုပြောတော့ ရွာထဲမှာဘယ်သူမှ မနေရဲတော့ဘူး။ အခုဆို သက်ကြီးရွယ်အိုတချို့လောက်ပဲ ရွာထဲမှာ ကျန်ခဲ့တယ်” ဟု ဝင်းကံရွာသားတစ်ဦးမှပြောကြားကြောင်း KNU ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

သိမ်ဇရပ်အခြေစိုက် ခမရ (၂၀၇) ၊ အမတ (၃၁၀) ၊ ခလရ(၂)၊ ကျိုက်ထိုအခြေစိုက် တပ်မ(၄၄) ၊ ရွှေကျင် အခြေစိုက် ခလရ(၅၉၈)အစရှိသည့် စစ်ကောင်စီတပ်များက ကျိုက်ထိုမြို့နယ်အတွင်းသို့ RPG ၊ ၁၂၀ မမ၊ ၈၀ မမ စသောလက်နက်ကြီးများဖြင့် မကြာခဏပစ်ခတ်နေပြီး ဇန်ဝါရီလ ၁ ရက်နေ့မှယနေ့အထိ ဒေသခံ တစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၁၀ ဦးရှိကြောင်း သိရသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly