လေထုညစ်ညမ်းမှု ဆိုးဝါးနိုင်၍ ဘန်ကောက်မြို့နေများကို အိမ်မှပင် အလုပ်လုပ်ရန် အာဏာပိုင်များ တိုက်တွန်း 

By BNN Bloomberg
25 January 2023
လေထုညစ်ညမ်းမှု ဆိုးဝါးနိုင်၍ ဘန်ကောက်မြို့နေများကို အိမ်မှပင် အလုပ်လုပ်ရန် အာဏာပိုင်များ တိုက်တွန်း 

ဇန်နဝါရီလ ၂၅ ရက်

ကမ္ဘာ့တွင် ဧည့်သည်လာရောက်မှု အများဆုံးထဲမှ တစ်မြို့ဖြစ်သည့် ဘန်ကောက်တွင် လေထုညစ်ညမ်းမှုအဆင့် ဆိုးဝါးခြင်းကြောင့် မြို့နေများအနေဖြင့် အိမ်မှပဲ အလုပ်လုပ်ကြရန်နှင့် အပြင်ထွက်လျှင် နှာခေါင်းစည်းများ တပ်ဆင်ကြရန် ထိုင်းအာဏာပိုင်များက တိုက်တွန်းထားသည်။ 

လူဦးရေ ၁၀ သန်းရှိသော ဘန်ကောက်မှ မြို့နေများအနေဖြင့် ဖြစ်နိုင်သမျှ အိမ်မှပင် အလုပ်လုပ်သင့်ကြောင်း၊ သို့မဟုတ် သွားရေးလာရေး လိုအပ်ပြီဆိုလည်း ကိုယ်ပိုင်ကားများထက် အများသုံး ယာဉ်များကို အသုံးပြုကြရန် ဘန်ကောက်အုပ်ချုပ်ရေးမှူး ချက်ဒ်ချက် စီတီပန်က အင်္ဂါနေ့ ထုတ်ပြန်ချက်၌ ပြောသည်။ လဟာပြင်တွင် မီးရှို့ခြင်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် ထရပ်ကားအင်ဂျင်များမှ မီးခိုးထုတ်လွှတ်မှုများကဲ့သို့ အမှုန်အမွှားဖြစ်စေသော လုပ်ငန်းဆောင်ရွက်ချက်များကို ထိန်းချုပ်နိုင်ရေးအတွက် အာဏာပိုင်များက ကြိုးစားသွားမည်လည်း ဖြစ်သည်။ 

ထိုင်းမြို့တော် ဘန်ကောက်၏ လေထုအရည်အသွေးသည် ပြီးခဲ့သည့် စနေ၊ တနင်္ဂနွေမှစကာ ကျန်းမာရေးနှင့် မသင့်တော်သည့် နှုန်းထားသို့ အများစု ရောက်ရှိနေသည်။ PM 2.5 ဟု ဆိုသော လေထုထဲ အန္တရာယ် အမှုန်အမွှား ပါဝင်မှုနှုန်းထားသည် ယခု သီတင်းပတ်နောက်ပိုင်း၌ ဘေးကင်းသည့် နှုန်းထားကို ကျော်လွန်နိုင်သည်ဟု အာဏာပိုင်များက သတိပေးထားသည်။ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင် မြို့လေထုအရည်အသွေးသည် အသင့်အတင့် ရှိနေသော်လည်း ကြာသပတေးနေ့မှစကာ ကျန်းမာရေးနှင့် မသင့်တော်သည့် နှုန်းသို့ ကျဆင်းလာရန်ရှိသည်ဟု လေထုအရည်အသွေး စောင့်ကြည့်ရေးအဖွဲ့ AirVisual အရ သိရသည်။ 

မကြာသေးသောနှစ်များအတွင်း ဘန်ကောက်နှင့် အခြားသော ထိုင်းမြို့များသည် ညံ့ဖျင်းသည့် လေထုအရည်အသွေးနှင့် ကြုံနေရပြီး ဒီဇင်ဘာမှ ဖေဖော်ဝါရီဝန်းကျင် ခြောက်သွေ့ရာသီ၌ လေထုညစ်ညမ်းမှု ပို၍ ဆိုးလာနိုင်ခြေ ရှိနေသည်။ 

ယခုမှစ၍ ဖေဖော်ဝါရီအကုန်အထိ ဘန်ကောက်က လေထုညစ်ညမ်းမှု အဆင့်ကို အာဏာပိုင်များက “ဂရုစိုက် စောင့်ကြည့်သွားမည်” ဖြစ်ကြောင်း ချက်ဒ်ချက်က ပြောသည်။ လက်ရှိတွင်တော့ မြို့ရှိ စာသင်ကျောင်းများသည် ပုံမှန်အတိုင်း ပြန်ဖွင့်ထားနိုင်သည်ဟု ၎င်းက ပြောသည်။ 

ထိုင်းမြောက်ပိုင်းဒေသမှ ဘန်ကောက်နှင့် နီးသော အချို့သော မြို့များသည် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက ကျန်းမာရေးနှင့် မသင့်သည့် လေထုအရည်အသွေးကို ရင်ဆိုင်ရကြောင်း တရားဝင်အချက်အလက်များက ပြသသည်။ ဘန်ကောက်နှင့် အခြားသော ပြည်နယ်များမှ မြို့ ၂၃ မြို့သည် PM 2.5 နှုန်းထား မြင့်မားနေကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနအရ သိရသည်။ 

PM 2.5 အဆင့်ကို ထိုင်းပြည်နယ် ၇၇ ပြည်နယ်မှ ကျန်းမာရေးအာဏာပိုင်များက အနီးကပ်စောင့်ကြည့်သွားမည်ဖြစ်ပြီး သုံးရက်ကျော် ဆက်တိုက် လေထုညစ်ညမ်းမှု မြင့်တက်နေသော ပြည်နယ်အသီးသီးတွင် အရေးပေါ် ဆောင်ရွက်ရေးစင်တာများကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွန်းဝန် အိုပတ်စ် ကန်ကောဝင်ပေါင်က ပြောသည်။ 

ဆိုးဝါးလာသော လေထုအရည်အသွေးကြောင့် ထိုင်းဆေးရုံများ၌ လေထုညစ်ညမ်းမှုနှင့် သက်ဆိုင်သော ရောဂါရ လူနာဦးရေသည် ပြီးခဲ့သည့် သီတင်းပတ်က ၉၆,၀၀၀ ဝန်းကျင်ရှိရာမှာ နှစ်ဆကျော် မြင့်တက်ပြီး ယခုသီတင်းပတ်တွင် ၂၁၃,၀၀၀ နီးပါး ရောက်ရှိကြောင်း အိုပက်စ်က ပြောခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly