၂၀၂၂ ခုနှစ်အတွင်း နိုင်ငံတွင် တရားမဝင် ကုန်ပစ္စည်း ဖမ်းဆီးရမိမှု များပြားခဲ့

၂၀၂၂ ခုနှစ်အတွင်း နိုင်ငံတွင် တရားမဝင် ကုန်ပစ္စည်း ဖမ်းဆီးရမိမှု များပြားခဲ့

ဇန်နဝါရီလ ၂၃ ရက်

ယမန်နှစ် ၂၀၂၂ ခုနှစ်အတွင်း နိုင်ငံတွင် တရားမဝင် ကုန်ပစ္စည်းများကို ယခင်အစောပိုင်းတစ်နှစ်ကထက် ပိုမို ဖမ်းဆီးရမိခဲ့ပြီး တန်ဖိုးအားဖြင့် ကျပ်ငွေ ၅၆ ဘီလီယံ ပိုများခဲ့ကြောင်း စစ်ကောင်စီ ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။

စစ်ကောင်စီ ဒုဥက္ကဋ္ဌသည် ဇန်နဝါရီ ၁၈ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ အစည်းအဝေးတစ်ခုတွင် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီမှ ဒီဇင်ဘာအထိ တစ်နှစ်တာကာလအတွင်း တရားမဝင် ကုန်ပစ္စည်း ဖမ်းဆီးရရှိမှု အမှု ၂,၂၄၀ ရှိခဲ့ပြီး ဖမ်းဆီးရရှိသည့် တရားမဝင် ကုန်များ၏ ခန့်မှန်းတန်ဖိုးက ကျပ်ငွေ ၈ ဒသမ ၄ ဘီလီယံ ဖြစ်ကြောင်း ၎င်းက အစည်းအဝေးတွင် ပြောသည်။

သို့သော် ၂၀၂၂ ခုနှစ် တစ်နှစ်တာအတွင်း တရားမဝင် ကုန်ပစ္စည်း ဖမ်းဆီးရရှိမှု အမှုပေါင်း ၄,၂၃၂ ခု ရှိပြီး ခန့်မှန်းတန်ဖိုး ကျပ်ငွေ ၆၅ ဘီလီယံ ဖြစ်သည့်အတွက် အမှုပေါင်း ၁,၉၉၂ ခု နှင့် တန်ဖိုးအားဖြင့် ကျပ်ငွေ ၅၆ ဒသမ ၅ ဘီလီယံ တိုးလာခဲ့ကြောင်း အချက်အလက်များက ဖော်ပြသည်။

စိုးဝင်းသည် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ဥက္ကဋ္ဌ ဖြစ်သည်။

ယခင်ဖမ်းဆီးမှုများသည် ပုံမှန်အားဖြင့် ကုန်သွယ်မှု လမ်းကြောင်းများနှင့် စစ်ဆေးရေးဂိတ်များတွင်သာ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယခုအခါ တာဝန်ရှိသူများသည် ရှာဖွေမှုများကို တိုးချဲ့လုပ်ဆောင်နေကြပြီး သတင်းပေးမှု ရသည်နှင့် ကုန်စည်သိုလှောင်ရုံများ၊ အဆောက်အအုံများကို စီးနင်းရှာဖွေမှုများ လုပ်ဆောင်နေပြီ ဖြစ်သည့်အတွက် ဖမ်းဆီးရရှိသည့် တရားမဝင် ကုန်ပစ္စည်း တန်ဖိုးပိုင်းတွင် သိသိသာသာ များလာခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

တရားမဝင် ကုန်သွယ်မှုနှင့် အဂတိလိုက်စားမှုတို့တွင် ပါဝင်ပတ်သက်ခြင်း မရှိစေရန် ဌာနဆိုင်ရာ တာဝန်ရှိသူများကို စစ်ကောင်စီ မီဒီယာတွင် သတိပေးချက်များ ထုတ်ပြန်ထားသည်။

ဤကဲ့သို့ တရားမဝင် ကုန်သွယ်မှုများနှင့် အဂတိလိုက်စားမှု ကိစ္စများတွင် ပါဝင်ပတ်သက်ခြင်း မရှိစေရန် ဌာနဆိုင်ရာ တာဝန်ရှိသူများကို သတိပေးထားကြောင်း စစ်ကောင်စီ အာဘော် နေ့စဉ်သတင်းစာများက ဖော်ပြသည်။

ထိုင်း-မြန်မာ နယ်စပ် မြဝတီ ချစ်ကြည်ရေးတံတားမှတစ်ဆင့် တရားမဝင် သွင်းကုန်ပစ္စည်းများ တင်ဆောင်သည့် ထရပ်ကားများ ဝင်ရောက်မှုက လျော့မသွားသည်ကို တွေ့ရှိရကြောင်း စိုးဝင်းက ပြောသည်။

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်မှုတွင် သွင်းကုန်များကို ပို့ကုန်က ရသည့် ဝင်ငွေ သို့မဟုတ် အခြား ဝင်ငွေ ဝင်ရောက်မှုများအပေါ် အခြေခံပြီး တင်သွင်းခွင့်ပြုသည့် သွင်းကုန်မူဝါသစ် ဖော်ဆောင်ပြီးနောက်ပိုင်း ၂၀၂၂ ဒီဇင်ဘာလတွင် မြဝတီ နယ်စပ် ကုန်သွယ်ရေးစခန်းတွင် သွင်းကုန်လိုင်စင် လျှောက်ထားမှုများ သိသိသာသာ ကျသွားကြောင်း သတင်းတစ်ရပ်အရ သိရသည်။

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly