ထိုင်းတောင်ပိုင်းတွင် အစိုးရတပ်ဖွဲ့များနှင့် ခွဲထွက်ရေးသမားများအကြား ပစ်ခတ်မှုဖြစ်ပြီး လူ ၃ ဦး သေဆုံး

ထိုင်းတောင်ပိုင်းတွင် အစိုးရတပ်ဖွဲ့များနှင့် ခွဲထွက်ရေးသမားများအကြား ပစ်ခတ်မှုဖြစ်ပြီး လူ ၃ ဦး သေဆုံး

ဇန်နဝါရီလ ၂၂ ရက်

မငြိမ်မသက်ဖြစ်နေသော ထိုင်းတောင်ပိုင်းတွင် အစိုးရတပ်ဖွဲ့များနှင့် ခွဲထွက်ရေးလက်နက်ကိုင်များအကြား တောတွင်း ပစ်ခတ်မှုတစ်ခု ဖြစ်ပွား၍ သုံးဦး သေဆုံးကြောင်း ရဲတပ်ဖွဲ့က ဇန်နဝါရီ ၂၁ ရက်တွင် ပြောသည်။

ထိုင်းနိုင်ငံ၏ တောင်ဘက်စွန်း ဒေသများတွင် လယ်ဗယ်နိမ့် ပဋိပက္ခတစ်ခုက ၂၀၀၄ ခုနှစ်နောက်ပိုင်းကတည်းက တအုံနွေးနွေး ဖြစ်နေခဲ့ပြီး မွတ်စလင် အများစု နေထိုင်ရာ ဒေသရှိ သူပုန်အဖွဲ့များက ခွဲထွက်ရေးအတွက် လက်နက်ကိုင် တိုက်ခိုက်မှုများ လုပ်ဆောင်ထားခဲ့ရာ လူ ၇,၀၀၀ ကျော် သေဆုံးခဲ့ရသည်။

ထိုင်းရဲနှင့် စစ်သားများသည် ဇန်နဝါရီ ၂၀ ရက်က နာဝက်သီဝတ် ပြည်နယ်ရှိ တောင်ကုန်းတစ်ခုကို တောင်တက်ခရီးကြမ်းတက်ကာ နယ်မြေရှင်းလင်းခဲ့စဉ် လက်နက်ကိုင် ခွဲထွက်ရေးအဖွဲ့တစ်ခုနှင့် ထိပ်တိုက်တွေ့ခဲ့ရာတွင် ခွဲထွက်ရေးအဖွဲ့ဘက်က စတင်ပစ်ခတ်ခဲ့ကြောင်း ရဲများက ပြောသည်။

“သူတို့က ကျွန်တော်တို့ကို အရင်စပစ်ခဲ့တာပါ။ ကျွန်တော်တို့ဘက်က ပြန်ပစ်တော့ သူတို့ဘက်က သုံးယောက် သေဆုံးခဲ့တယ်” ဟု ဒေသရဲတပ်ဖွဲ့အကြီးအကဲ ဆူထုံ ဆွတ်ဝီဆက်က အေအက်ဖ်ပီကို ပြောသည်။ သေဆုံးသူအားလုံးသည် ထိုင်းမွတ်စလင်များဖြစ်ကြောင်း ၎င်းက ပြောသည်။

“ကျွန်တော်တို့ သူတို့ဆီကနေ M16 သုံးလက် တွေ့လို့ သိမ်းဆည်းနိုင်ခဲ့တယ်”

ငါးနာရီထက်မနည်း ကြာမြင့်ခဲ့သည့် စစ်ဆင်ရေးအတွင်း ထိုင်းရဲ သို့မဟုတ် စစ်သားများဘက်က ထိခိုက်၊ သေဆုံးမှု မရှိခဲ့ပေ။

လုံခြုံရေးတပ်ဖွဲ့များဖြင့် ထူထပ်စွာ ထိန်းသိမ်းကြပ်မတ်သည့် အဆိုပါ တောင်ပိုင်းဧရိယာသည် ဗုဒ္ဓဘာသာဝင် အများစုရှိရာ ထိုင်းနိုင်ငံ၏ ကျန်နေရာဒေသများနှင့် ယဉ်ကျေးမှုအရ ကွဲပြားသည်။ မလေးရှားနှင့် နယ်နိမိတ်ချင်း ထိစပ်ကပ်နေသော ထို ဧရိယာကို ထိုင်းနိုင်ငံက လွန်ခဲ့သည့် ရာစုနှစ်တစ်စုအကြာက သိမ်းပိုက်ထိန်းချုပ်ခဲ့ခြင်း ဖြစ်သည်။

ထိုင်းအစိုးရ၏ ကိုယ်စားလှယ်များနှင့် Barisan Revolusi Nasional သူပုန်အဖွဲ့မှ ကိုယ်စားလှယ်များသည် နှစ်နှစ်ခန့်အတွင်း ၎င်းတို့၏ ပထမဆုံးသော လူကိုယ်တိုင် ငြိမ်းချမ်းရေးဆွေးနွေးမှုများအတွက် ပြီးခဲ့သည့်နှစ်က ကွာလာလမ်ပူတွင် တွေ့ဆုံခဲ့ကြသော်လည်း တိုးတက်မှု တစုံတရာ ရရှိခဲ့ခြင်း မရှိပေ။

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly