ဒုက္ခသည်များကို အမေရိကန်နိုင်ငံသားများက တာဝန်ယူခေါ်ယူနိုင်မည့် အစီအစဉ် သမ္မတ ဘိုင်ဒင် ထုတ်ဖော်

ဒုက္ခသည်များကို အမေရိကန်နိုင်ငံသားများက တာဝန်ယူခေါ်ယူနိုင်မည့် အစီအစဉ် သမ္မတ ဘိုင်ဒင် ထုတ်ဖော်

ဇန်နဝါရီလ ၂၂ ရက်

မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတစ်ဝန်းမှ ဒုက္ခသည်များကို သာမန်အမေရိကန်နိုင်ငံသားများက တာဝန်ယူခေါ်ယူပြီး ကူညီထောက်ပံ့ခွင့်ရမည့် အစီအစဉ်တစ်ရပ်ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အစိုးရက ဇန်နဝါရီ ၁၉ ရက်တွင် စတင်ဆောင်ရွက်ခဲ့သည်။ လက်ရှိအချိန်တွင် ကမ္ဘာတစ်ဝန်း၌ နေရပ်စွန့်ခွာရမှုများ စံချိန်တင် များပြားနေသော်လည်း ဒုက္ခသည်များကို ဝင်ခွင့်ပြုမှုူများအပိုင်းတွင် တိုးတက်မှု ကျဆင်းနေသည်။

Welcome Corps ဟု ခေါ်သည့် ယခု အစီအစဉ်သစ်အရ ပထမဆုံးနှစ်အတွင်း အမေရိကန်နိုင်ငံသား ၁၀,၀၀၀ က ဒုက္ခသည်အသစ်များကို လက်ကမ်းကူညီပေးစေနိုင်ရေး ရည်ရွယ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ပြောသည်။ ထို့ပြင် ယခုအစီအစဉ်သည် ဆယ်စုနှစ် လေးစုအတွင်း အမေရိကန်၏ ဒုက္ခသည် လက်ခံနေရာချထားပေးရေးအပိုင်းတွင် အကြီးမားဆုံး ဆန်းသစ်ပြောင်းလဲမှုပင် ဖြစ်ကြောင်း ၎င်းက ပြောသည်။

“Welcome Corps အစီအစဉ်ကို စတင်ဆောင်ရွက်တာက မိမိတို့ဟာ ဒုက္ခသည်တွေကို ခိုလှုံခွင့် ပေးတဲ့ ဂုဏ်ယူစရာကောင်းတဲ့ အစဉ်အလာတစ်ရပ်အပေါ် အခြေခံပြီး ဆက်လက် ဖော်ဆောင်တာဖြစ်သလို အမေရိကန်ပြည်သူတွေရဲ့ ရိုင်းပင်ကူညီလိုစိတ်နဲ့ ရက်ရောစေတနာကောင်းမှုတို့ကို ထုတ်ဖော်ပြသရာ ရောက်ပါတယ်။ မိမိတို့ဟာ မိမိတို့ရဲ့ အကူအညီပေးမှုကို လိုအပ်နေတဲ့ ဒုက္ခသည်တွေကို လက်ခံကြိုဆိုပေးဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်” ဟု ဘလင်ကန်က ပြောသည်။

ယခုအစီအစဉ်အရ အမေရိကန်နိုင်ငံသားများ သို့မဟုတ် အမေရိကန်တွင် အမြဲတမ်းနေထိုင်ခွင့်ရထားသူများအနေဖြင့် ငါးယောက် သို့မဟုတ် ထိုထက်ပို့သည့် ဦးရေဖြင့် အဖွဲ့များ ဖွဲ့လျက်ဖြင့် ဒုက္ခသည်များကို စပွန်ဆာပေး ခေါ်ယူကူညီနိုင်မည် ဖြစ်ပြီး ထိုသို့ကူညီရာတွင် ဒုက္ခသည်များအတွက် အိမ်ငှားစရံငွေ၊ အိမ်ထောင်ပရိဘောဂပစ္စည်းများနှင့် ဆောင်းရာသီအတွက် လိုအပ်မည့် အဝတ်အစား စသည့် အခြေခံ လိုအပ်ချက်များဖြင့် ကူညီထောက်ပံ့ပေးရမည် ဖြစ်သည်။

စပွန်ဆာပေး ခေါ်ယူကူညီမည့် အဖွဲ့အုပ်စုတစ်စုစီအနေဖြင့် ဒုက္ခသည်တစ်ဦးအတွက် အနည်းဆုံး စရိတ်ငွေ ဒေါ်လာ ၂,၂၇၅ ထောက်ပံ့ပေးနိုင်ကြောင်း ပြသရလိမ့်မည်ဖြစ်ပြီး ထို ထောက်ပံ့ငွေများအတွက် အစိုးရက ပြန်ထုတ်ပေးမည်တော့ မဟုတ်ပေ။

ယူကရိန်းနှင့် အာဖဂန်နစ္စတန်မှ ထွက်ပြေးလာသူများအတွက် ကူညီပေးသည့် အမေရိကန်ရှိ ပိုမိုအရွယ်အစားသေးသော အစီအစဉ်များနှင့် အိမ်နီးချင်း ကနေဒါရှိ အောင်မြင်မှုရှိသော အစီအစဉ်တစ်ခုတို့ ရှိခဲ့ပြီးနောက် ယခု Welcome Corps အစီအစဉ်ကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း အမေရိကန် အရာရှိတစ်ဦးက ပြောသည်။

သမ္မတ ဘိုင်ဒင်သည် တစ်နှစ်လျင် ဒုက္ခသည်ဦးရေ ၁၂၅,၀၀၀ အထိ ခွင့်ပြုလက်ခံပေးမည်ဟု သတ်မှတ်ထားပြီး ယင်းသည် ၎င်း၏ အရင်လူဖြစ်သည့် သမ္မတဟောင်း ဒေါ်နယ်ထရမ့်လက်ထက်က ဒုက္ခသည်ဦးရေ လက်ခံမှုအပိုင်းတွင် သိသိသာသာ လျှော့ချခဲ့မှုနှင့် ပြောင်းပြန်အနေအထား ဖြစ်သည်။

ဘိုင်ဒင်၏ ကန့်သတ်ချက်အပြင် သီးခြား အစီအစဉ်များဖြင့် အမေရိကန်သို့ လာရောက်နိုင်သည့် ယူကရိန်းနှင့် အာဖဂန်နိုင်ငံသားများကိုလည်း လက်ခံပေးသွားရန် ရှိသည်။

သို့သော် လက်ရှိ ဘဏ္ဍာနှစ်၏ ပထမသုံးလပတ်အတွင်း ဒုက္ခသည် ၆,၇၅၀ ဦးသာလျင် အမေရိကန်တွင် ရောက်ရှိ အခြေချခဲ့ပြီး ယင်းသည် ဒုက္ခသည်များကို စိစစ်လက်ခံမှုနှင့် အတည်ပြုစစ်ဆေးမှုပိုင်းတွင် အချိန်ရှည်ကြာစွာ နှောင့်နှေးမှုများ ရှိခဲ့ခြင်းကြောင့် ဖြစ်သည်။

အထောက်အထားမဲ့ ဗဟိုအမေရိကသားများ၊ ဟေတီနိုင်ငံသားများနှင့် ဗင်နီဇွဲလားသားများ၏ အရေအတွက် များပြားလာခြင်းကြောင့် နိုင်ငံရေးဖိအားနှင့် ကြုံခဲ့ရပြီးနောက် မက္ကဆီကိုနယ်စပ်တွင် ရွှေ့ပြောင်းများကို နောက်ပြန်လှည့်ခိုင်းရန် နယ်စပ်အစောင့်ဝန်ထမ်းများကို သမ္မတ ဘိုင်ဒင်က မကြာသေးခင်က ခွင့်ပြုချက်ပေးခဲ့သည်။

ဘာသာရေး အဖွဲ့အစည်းများအပါအဝင် ဒုက္ခသည်များအရေး ထောက်ခံသည့်အဖွဲ့များက ယခု အစီအစဉ်ကို ကြိုဆိုခဲ့သလို Airbnb ကဲ့သို့ စီးပွားရေးလုပ်ငန်းများကလည်း Welcome Corps မှတစ်ဆင့် အကူအညီများ ပေးမည်ဟု ကတိပြုသည်။

ဘိုင်ဒင် အစိုးရ၏ “ရှေ့ကို မျှော်တွေးစဉ်းစားသော လုပ်နည်းကိုင်နည်း” ကို ချီးကျူးကြောင်း Lutheran Immigration and Refugee Service အဖွဲ့၏ ဥက္ကဋ္ဌနှင့် စီအီးအို ကရစ်ရှ် အို-မာရာ ဗစ်နာရာဂျဟ်က ပြောပြီး တစ်ချိန်တည်းမှာပင် ပြည်တွင်း၌ ဒုက္ခသည်များကို ပြန်လည်နေရာချပေးသည့် လုပ်နိုင်စွမ်းက အခြေခံ စိန်ခေါ်မှု မဟုတ်ကြောင်း သတိပေးသည်။

“ဒုက္ခသည်တွေကို လက်ခံဝင်ခွင့်ပြုမှုအပိုင်းမှာ ထိရောက် မြန်ဆန်အောင် လုပ်ဖို့ ဘိုင်ဒင် အစိုးရအနေနဲ့ ဦးစားပေးရပါလိမ့်မယ်။ အဲဒါက ဒီဘဏ္ဍာနှစ်ထဲမှာ အားရစရာမကောင်းအောင် ဆက်လက် လျော့ကျနေလို့ပါ” ဟု သူမက ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။

“အချိန်တိုတိုနဲ့ ခရီးရောက်နိုင်မှုကို တိုးတက်စေဖို့ အရေးတကြီး လုပ်ဆောင်ချက်တွေ မရှိဘူးဆိုရင် စပွန်ဆာပေးတဲ့ လူပုဂ္ဂိုလ်တွေရဲ့ စာနာရိုင်းပင်းမှုနဲ့ ပရော်ဖက်ရှင်နယ် ဒုက္ခသည် ပြန်လည်နေရာချထားရေး အဖွဲ့အစည်းတွေရဲ့ ကျွမ်းကျင်မှုတွေကို အလဟဿဖြစ်စေနိုင်ပါတယ်”

ဒုက္ခသည်များကို ဝင်ခွင့်ပြုမှုများသည် “မိမိတို့ ဖြစ်စေလိုသည့် အနေအထားတွင် ရှိမနေခဲ့” ဟု လူဦးရေ၊ ဒုက္ခသည်နှင့် ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ လက်ထောက်ဝန်ကြီး ဂျူလီယက်တာ ဗောလ်စ် နိုယက်စ်က ဝန်ခံသည်။

သို့သော် သုံးလပတ် ကိန်းဂဏန်းများက “နောက်ကျနေသော အညွန်း” တစ်ခု ဖြစ်ကြောင်း သူမက ပြောပြီး အမေရိကန်အာဏာပိုင်တိုသည့် နိုင်ငံရပ်ခြားတွင် အင်တာဗျူး ၂၀,၀၀၀ ကို ပြီးမြောက်ထားကြောင်း ပြောသည်။

“အဲဒီလူတွေ လာမယ့် လအနည်းငယ်အတွင်းမှာ ကျွန်မတို့နိုင်ငံဆီ ရောက်လာသင့်တယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်” ဟု သူမက သတင်းထောက်များကို ပြောသည်။

အဆိုပါ ဒုက္ခသည်များသည် “အမေရိကန်နိုင်ငံထဲ ဝင်ရောက်ရန် အထူးတလည် စိစစ်ခံထားရသူများ” ဖြစ်ကြောင်း နိုယက်စ်က ပြောပြီး အမေရိကန်အနေဖြင့် ကုလသမဂ္ဂ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ဆက်သွယ်လုပ်ဆောင်နေကြောင်း ပြောသည်။

Welcome Corps ထူထောင်မှုအပြင် “မိမိတို့သည် ဒုက္ခသည် စိစစ်လက်ခံမှုလုပ်ငန်းစဉ်ကို မြန်ဆန်သွက်လက်စေရန် မိမိတို့၏ အစဉ်အလာ ပြန်လည်နေရာချထားရေး အေဂျင်စီ ပါတနာများနှင့်အတူ ကြိုးပမ်းလုပ်ဆောင်လျက်ရှိသလို အစီအစဉ်၏ တည်တံ့ခိုင်မြဲမှုနှင့် လုံခြုံမှုကို ထိန်းသိမ်းနေသည်” ဟု သူမက ပြောသည်။

ပြီးခဲ့သည့်နှစ်က ကမ္ဘာတစ်ဝန်းတွင် စံချိန်တင် လူ‌ပေါင်း သန်း ၁၀၀ ခန့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရကြောင်း ကုလသမဂ္ဂ အချက်အလက်များအရ သိရသည်။ ယူကရိန်းအပေါ် ရုရှား ကျူးကျော်မှုကြောင့် ဒုက္ခသည် စီးဝင်မှု လှိုင်းတစ်ခုကို ဖြစ်ပေါ်စေခဲ့သလို အာဖဂန်နစ္စတန်၊ ဗင်နီဇွဲလား၊ မြန်မာနှင့် ဘာကီနာ ဖာဆိုတို့ အပါအဝင် အကျပ်အတည်းများကို ပိုဆိုးစေခဲ့သည်။

ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း စစ်ဒဏ်သင့် ဆီးရီးယားမှ ဒုက္ခသည်များ တစ်ဟုန်ထိုး များပြားခဲ့ခြင်းက ဥရောပတွင် လူသိန်းချီ ပြန်လည်အခြေချနေထိုင်မှုကို ဖြစ်စေရုံသာမက နိုင်ငံရေးဆိုင်ရာ တုံ့ပြန်မှုတစ်ခုကိုပါ ဖြစ်ပေါ်စေခဲ့သည်။

တူရကီသည် ဆီးရီးယားမှ ရောက်လာသည့် ဒုက္ခသည် အများစု အပါအဝင် ဒုက္ခသည် ၃ ဒသမ ၇ သန်းအထိကို လက်ခံပေးထားပြီး ကမ္ဘာတွင် ဒုက္ခသည်ဦးရေ အများဆုံးကို လက်ခံနေရာပေးထားရသည့် နိုင်ငံဖြစ်ပြီး ယင်းနောက်တွင် ဗင်နီဇွဲလား၏ အိမ်နီးချင်း ကိုလံဘီယာနှင့် ဂျာမနီတို့ ရပ်တည်နေကြောင်း ကုလ ဒုက္ခသည်အေဂျင်စီက ပြောသည်။

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly