ရိုဟင်ဂျာဒုက္ခသည် ၂၀၀ နီးပါး လိုက်ပါလာသည့် စက်လှေ အင်ဒိုနီးရှားကို ရောက်ရှိ

ရိုဟင်ဂျာဒုက္ခသည် ၂၀၀ နီးပါး လိုက်ပါလာသည့် စက်လှေ အင်ဒိုနီးရှားကို ရောက်ရှိ

ဇန်နဝါရီလ ၉ ရက်

အမျိုးသမီးများနှင့် ကလေးငယ်များ အများစု ပါဝင်သည့် ရိုဟင်ဂျာ ဒုက္ခသည် ၂၀၀ နီးပါး လိုက်ပါလာသော သစ်သားစက်လှေတစ်စီးသည် ဇန်နဝါရီ ၈ ရက်က အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက် ကမ်းခြေသို့ ဆိုက်ကပ်ရောက်ရှိလာခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ထိုစက်လှေသည် နိုဝင်ဘာလနောက်ပိုင်း အင်ဒိုနီးရှားကို ရောက်ရှိလာသည့် ရိုဟင်ဂျာ ဒုက္ခသည်များ ပါသော ပဉ္စမမြောက် စက်လှေဖြစ်ကြောင်း အာဏာပိုင်များက ပြောသည်။

အများအားဖြင့် မြန်မာနိုင်ငံတွင် ဖိစီးနှိပ်စက်ခံခဲ့ရသည့် ရိုဟင်ဂျာ မွတ်စလင် ထောင်နှင့်ချီတို့သည် မလေးရှား သို့မဟုတ် အင်ဒိုနီးရှားသို့ ရောက်ရှိနိုင်ရေး မျှော်လင့်ရင်း ရံဖန်ရံခါ ခနော်နီခနော်နဲ့ လှေများဖြင့် ဝေးလံပြီး စရိတ်ကြီးသော ပင်လယ်ပြင် ခရီးစဉ်များကို နှစ်စဉ် စွန့်စားထွက်ခွာနေကြသည်။

အမျိုးသား ၆၉ ဦး၊ အမျိုးသမီး ၇၅ ဦးနှင့် ကလေး ၄၀ ဦးတို့ ပါသည့် သစ်သားစက်လှေသည် အင်ဒိုနီးရှား၏ အနောက်ဘက်စွန်း အာချေးပြည်နယ်ရှိ ကမ်းခြေတစ်ခုသို့ ဒေသစံတော်ချိန် နေ့လည် ၂ နာရီ ခွဲခန့်တွင် ရောက်ရှိခဲ့ကြောင်း ဒေသရဲတပ်ဖွဲ့ အကြီးအကဲ အာဝမ် ဖာဟ်မီ ရာမ်လီက ဇန်နဝါရီ ၈ ရက်တွင် ပြောသည်။

“သူတို့ထဲက အများစုကတော့ ကျန်းမာရေး ကောင်းကြပါတယ်။ ဒါပေမယ့် သူတို့ထဲမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး ပါပါတယ်။ လူ လေးယောက်ကတော့ ဖျားနာနေပါတယ်” ဟု ရာမ်လီက ပြောသည်။

“ကျွန်တော်တို့ ဆရာဝန်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ထားပါတယ်။ ဖျားနာနေသူတွေအပါအဝင် ဒုက္ခသည်တွေကို ပဏာမ ကျန်းမာရေးစစ်ဆေးဖို့ ဆရာဝန်တွေ ဒီကို လာကြပါလိမ့်မယ်”

ဒုက္ခသည်များကို ပြည်တွင်းရှိ အစိုးရအဆောက်အအုံတစ်ခုသို့ လွှဲပြောင်းပို့ဆောင်မည်ဖြစ်ကြောင်း ရာမ်လီက ပြောသည်။

စက်လှေသည် ဒီဇင်ဘာ ၁၀ ရက်က ဘင်္ဂလားဒေ့ရှ်မှ ထွက်ခွာလာခဲ့ခြင်းဖြစ်ကြောင်း လှေပေါ်ပါလာသူတစ်ဦးက ပြောသည်။

“ဒီကို ရောက်လာတဲ့အတွက် အင်မတန် ပျော်မိပါတယ်။ လမ်းမှာ စက်လှေ အင်ဂျင်စက်က ပျက်သွားသလို လှေပေါ်မှာ စားစရာလည်း မရှိတော့ပါဘူး” ဟု အသက် ၂၆ နှစ်အရွယ် ဖိုင်ရုစ်က သတင်းထောက်များကို ပြောသည်။

၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံတွင် ဖိစီးနှိပ်စက်ခံရမှုကြောင့် ခန့်မှန်းခြေအားဖြင့် ရိုဟင်ဂျာ တစ်သန်းခန့်သည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးလာခဲ့ကြပြီး ဒုက္ခသည်ကမ့်စခန်းများတွင် နေထိုင်နေခဲ့ကြရသည်။

ယမန်နှစ် နိုဝင်ဘာ နှင့် ဒီဇင်ဘာလတို့တွင် စုစုပေါင်း လူ ၄၀၀ ကျော် ရှိသည့် ရိုဟင်ဂျာ ဒုက္ခသည်များကို တင်ဆောင်သော စက်လှေ လေးစီးသည် အင်ဒိုနီးရှားသို့ ကမ်းကပ်ရောက်ရှိထားခဲ့သည်။

၂၀၂၂ ခုနှစ်တွင် ရိုဟင်ဂျာ ၂,၀၀၀ ကျော်ခန့်သည် အန္တရာယ်အလွန်များသော ပင်လယ်ပြင်ခရီးကို စွန့်စားဖြတ်ကျော်ရန် ကြိုးပမ်းထားခဲ့သည်ဟု ယုံကြည်ရကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) က ပြောပြီး ထိုလယ်ဗယ်ပမာဏသည် ၂၀၂၀ ပြည့်နှစ်က ပမာဏနှင့် တူညီသည်။

ယမန်နှစ်က အန္တရာယ်များသော ပင်လယ်ပြင်ခရီးကို ဖြတ်ကျော်ရန် ကြိုးပမ်းရင်း ရိုဟင်ဂျာ ၂၀၀ နီးပါးခန့် သေဆုံးခဲ့ သို့မဟုတ် ပျောက်ဆုံးနေကြောင်း အေဂျင်စီက ခန့်မှန်းသည်။

သို့သော် အခြားစက်လှေတစ်စီးဖြင့် ပင်လယ်ပြင်ထဲ သီတင်းပတ်များစွာကြာ မျောပါနေခဲ့သော ရိုဟင်ဂျာဒုက္ခသည် ၁၈၀ ဦးခန့် ၎င်းတို့၏ ဆွေမျိုးများနှင့် အဆက်အသွယ် ပြတ်တောက်ခဲ့ပြီး သေဆုံးခဲ့ဖွယ်ရှိသည်ဟု ယူဆရသည့်အတွက် ပင်လယ်ပြင်တွင်း သေဆုံး သို့မဟုတ် ပျောက်ဆုံးနေသူဦးရေက ထပ်မံမြင့်တက်နိုင်သည်။

အဆိုပါ သေဆုံးမှုများနှင့်ပတ်သက်ပြီး UNHCR က အတည်ပြုနိုင်ခြင်း မရှိပေ။

သို့သော် အထက်ပါအတိုင်း မှန်ခဲ့မည်ဆိုပါက လူ ၉၀၀ ကျော်နှင့် လူ ၇၀၀ ကျော် အသီးသီး သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့သည့် ၂၀၁၃ နှင့် ၂၀၁၄ ခုနှစ်တို့နောက်ပိုင်း ၂၀၂၂ ခုနှစ်သည် ပင်လယ်ပြင်ခရီးနှင်သည့် ရိုဟင်ဂျာများအတွက် အသေအပျောက် အများဆုံးနှစ် ဖြစ်လိမ့်မည် ဖြစ်ကြောင်း အေဂျင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဘာဘာ ဘာလို့ချ်က ပြောသည်။

အတော်အသင့် ကြွယ်ဝချမ်းသာသော မလေးရှားနိုင်ငံသည် ဒုက္ခသည်များအတွက် အကြိုက်တွေ့ရာ ခရီးဆုံးနေရာတစ်ခုဖြစ်သော်လည်း အများအပြားသည် မွတ်စလင် အများစုနိုင်ငံ အင်ဒိုနီးရှားသို့ ကမ်းကပ်ရောက်ရှိကြပြီး အဆိုပါနိုင်ငံသည် ပို၍ လက်ခံကြိုဆိုပေးသော နိုင်ငံအဖြစ် ရှုမြင်ခြင်း ခံထားရသည်။

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly