အသေအပျောက် အများဆုံး အားကစားကွင်းဖြစ်ရပ်ဆိုးနဲ့ ပတ်သက်ပြီး အင်ဒိုနီးရှားမိသားစုများ တရားစွဲ

အသေအပျောက် အများဆုံး အားကစားကွင်းဖြစ်ရပ်ဆိုးနဲ့ ပတ်သက်ပြီး အင်ဒိုနီးရှားမိသားစုများ တရားစွဲ
Photo: AFP

ဘောလုံးသမိုင်းမှာ အဆိုးရွားဆုံး အားကစားကွင်း ဘေးအန္တရာယ် ကျရောက်မှုတွေထဲက တစ်ခုကြောင့် ဆွေမျိုးသားချင်းတွေ သေဆုံးခဲ့ရ ဒါမှမဟုတ် ဒဏ်ရာရရှိခဲ့ရတဲ့ အင်ဒိုနီးရှားမိသားစုခုနစ်စုဟာ တာဝန်ရှိတယ်လို့ သူတို့ ယူဆထားတဲ့ တာဝန်ရှိသူတွေကို တရားစွဲထားကြောင်း သူတို့ရဲ့ရှေ့နေက သောကြာနေ့က ပြောပါတယ်။

အောက်တိုဘာလက ဂျာဗားမြို့ မာလန်မှာ လူအုပ်ကြီးပြိုကျမှုကြောင့် ကလေးငယ် ၄၀ ကျော် အပါအဝင် လူ ၁၃၅ ဦး သေဆုံးခဲ့ပါတယ်။

ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံး အလွန်အကျွံသုံးစွဲမှုအပေါ် အဓိကထား အပြစ်တင်ထားခဲ့ကြောင်း ပဏာမ စုံစမ်းစစ်ဆေးမှုတစ်ခုအရ သိရပါတယ်။

အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ်၊ အမျိုးသားရဲတပ်ဖွဲ့၊ လိဂ်ပွဲစီစဉ်သူ PT Liga Indonesia Baru၊ မာလန်ဘောလုံးကလပ် Arema FC ပိုင်ရှင်တွေအပါအဝင် အဖွဲ့ ရှစ်ဖွဲ့ကို အရပ်သားဘက်က အဓိကတရားစွဲဆိုထားတာပါ။

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုကိုလည်း ပူးတွဲတရားခံအဖြစ် စာရင်းသွင်းထားပါတယ်။

မိသားစုတွေကိုယ်စားပြုရှေ့နေ Imam Hidayat က သူတို့ဟာ တာဝန်ခံမှုနဲ့ လျော်ကြေးပေးဖို့ တောင်းဆိုထားကြောင်း ပြောပါတယ်။

"သေဆုံးခဲ့သူတွေ ဒါမှမဟုတ် ဒဏ်ရာအပြင်းအထန်ရခဲ့သူတွေရဲ့ မိသားစုတွေ စားဝတ်နေရေးကို ကျနော်တို့ စဉ်းစားပေးရမှာဖြစ်ပါတယ်"လို့ Hidayat က AFP ကို ပြောခဲ့ပါတယ်။

“အသက်တွေကို ငွေကြေးတန်ဖိုးနဲ့ လဲလှယ်လို့ မရပေမယ့် ကျနော်တို့ အမြင်အရ သူတို့တွေဟာ လျော်ကြေးငွေ လိုအပ်ပါတယ်။"

မိသားစုတွေဟာ နစ်နာကြေး ရူပီယာ ၆၂ ဘီလီယံ (ဒေါ်လာ ၃.၉ သန်း) ခန့်ကို လိုအပ်နေတာလို့ သူက ပြောပါတယ်။

အဆိုပါတရားစွဲဆိုမှုကို ဗုဒ္ဓဟူးနေ့က မာလန်ရှိ တရားရုံးသို့ တင်သွင်းခဲ့ကြောင်း Hidayat က ဖြည့်စွက်ပြောပါတယ်။ ဒါကို လက်ခံရရှိထားကြောင်း တရားရုံးပြောရေးဆိုခွင့်ရှိသူတစ်ဦးက AFP ကို အတည်ပြုခဲ့ပါတယ်။

တရားခံလိုတွေဟာ Kanjuruhan အားကစားကွင်းကို ဖြိုချမယ့် အစီအစဉ်ကို ဖျက်သိမ်းဖို့လည်း အစိုးရကို တောင်းဆိုထားပြီး ကွင်းကို ကြေကွဲဝမ်းနည်းဖွယ်အမှတ်တရအဖြစ် ပြတိုက်တစ်ခုပြုလုပ်သင့်တယ်လို့ စကားအချေအတင်ပြောဆိုခဲ့ကြပါတယ်။

ဝီဒိုဒိုဟာ ဖီဖာ စံနှုန်းများအတိုင်း ကွင်းကို ပြန်လည်တည်ဆောက်မယ်လို့ ကတိပြုခဲ့ပါတယ်။

Arema FC နဲ့ Persebaya Surabaya လိဂ်ပွဲစဉ်အပြီးမှာ ပရိသတ်တွေဟာ ကွင်းအတွင်းသို့ ကျူးကျော်ဝင်ရောက်လာချိန်မှာ ရဲတွေက မျက်ရည်ယိုဗုံးတွေဖြင့် ပစ်သွင်းခဲ့ပြီးနောက် လူအုပ်ပြိုမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အခင်းဖြစ်ပွားပြီးနောက်တွင် အစိုးရက ယှဉ်ပြိုင်မယ့် ဘောလုံးပွဲတွေကို ရပ်ဆိုင်းထားပေမယ့် လိဂ်ပြိုင်ပွဲတွေကို အခုလအစောပိုင်းမှာ ကွင်းအတွင်း ပရိသတ်မပါဘဲ ပြန်လည်စတင်ခဲ့ပါတယ်။

ဖြစ်ရပ်ဆိုးကြောင့် ထိခိုက်နစ်နာသူတွေအတွက် ရှေ့နေအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Hidayat ဟာ ပွင့်လင်းမြင်သာမှုနဲ့ ဓမ္မဓိဋ္ဌာန်ကျကျ စုံစမ်းစစ်ဆေးမှု သေချာစေဖို့ ရဲတပ်ဖွဲ့ထံကနေ သီးခြားကင်းလွတ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ခု ဖွဲ့ပေးဖို့ ဝီဒိုဒိုကိုလည်း စာတစ်စောင်ပေးပို့ခဲ့ပါတယ်။

ရဲတပ်ဖွဲ့က ဦးဆောင်ပြီး စုံစမ်းစစ်ဆေးမှုအပြီးမှာ ရဲအရာရှိ သုံးဦးအပါအဝင် လူခြောက်ဦးကို ပေါ့ဆမှုကြောင့် သေဆုံးစေမှုဖြင့် တရားစွဲဆိုခဲ့ပါတယ်။

ဒါပေမယ့် သံသယရှိသူ တစ်ဦးဖြစ်တဲ့ PT Liga Indonesia Baru ဒါရိုက်တာဟောင်းဖြစ်သူကို စွဲချက်မတင်ဘဲ ကာလရှည်သာ ထိန်းသိမ်းခံခဲ့ရပြီးနောက် ဗုဒ္ဓဟူးနေ့က ရဲတပ်ဖွဲ့က လွတ်ပေးခဲ့ပါတယ်။

ဒါပေမယ့်လည်း သူဟာ သံသယရှိသူအဖြစ် ရှိနေသေးကြောင်း ရဲအရာရှိတစ်ဦးရဲ့ ပြောကြားချက်ကို ပြည်တွင်းမီဒီယာက ကိုးကားခဲ့ပါတယ်။

အစောပိုင်းက လူအုပ်ပြိုကျမှု စုံစမ်းစစ်ဆေးရေး အဖွဲ့တစ်ဖွဲ့က ဘောလုံးအဖွဲ့ချုပ် အကြီးအကဲနဲ့ ယင်းအမှုဆောင် ကော်မတီဝင်တွေအားလုံးကို ရာထူးက နုတ်ထွက်ဖို့ တောင်းဆိုခဲ့ပေမယ့်လည်း အကြီးတန်း ရဲတွေလိုပဲ သူတို့ရဲ့ ရာထူးတွေမှာ ဆက်လက် ရှိနေခဲ့ပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required