လူရာချီ သေဆုံးသည့် လူအုပ်ပိမှု ဖြစ်ပွားခဲ့သော ဘောလုံးကွင်းကို ဖြိုချမည်ဟု အင်ဒိုနီးရှား ပြော

လူရာချီ သေဆုံးသည့် လူအုပ်ပိမှု ဖြစ်ပွားခဲ့သော ဘောလုံးကွင်းကို ဖြိုချမည်ဟု အင်ဒိုနီးရှား ပြော

အောက်တိုဘာလ ၁၈ ရက်

လူ ၁၃၃ ဦး သေဆုံးသည့် လူအုပ်ပိမှုဖြစ်စဉ် ဖြစ်ပွားခဲ့သော အင်ဒိုနီးရှား ဘောလုံးကွင်းကို ဖြိုချပြီး ပြန်လည်တည်ဆောက်သွားမည် ဖြစ်ကြောင်း သမ္မတ ဂျိုကို ဝီဒိုဒိုက အောက်တိုဘာ ၁၈ ရက်တွင် ပြောကြားသည်။

တစ်ချိန်တည်းမှာပင် အဆိုပါ နိုင်ငံ၏ အားကစားကဏ္ဍတွင် “ပြုပြင်ပြောင်းလဲမှုများ” ကို ကူညီပေးသွားမည် ဖြစ်ကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) အကြီးအကဲက ကတိပြုသည်။

ဘောလုံးကွင်း ဖြစ်ရပ်ဆိုး ဖြစ်ပွားပြီးနောက် သီတင်းနှစ်ပတ်ကျော်အကြာတွင် FIFA ဥက္ကဋ္ဌ ဂီယာနီ အင်ဖန်တီနိုသည် အင်ဒိုနီးရှား၏မြို့တော် ဂျကာတာတွင် သမ္မတ ဝီဒိုဒိုနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

အဆိုပါ အရှေ့တောင်အာရှနိုင်ငံ၌ လာမည့်နှစ်တွင် အသက် (၂၀) နှစ်အောက် ကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း ကျင်းပသွားရန် ရှိနေသည်။

အရှေ့ဂျာဗားကျွန်းပေါ်ရှိ မာလန်းမြို့တွင် အောက်တိုဘာ ၁ ရက်က ဖြစ်ပွားသော ဖြစ်စဉ်ကြောင့် သေဆုံးသူများထဲတွင် ကလေးအယောက် ၄၀ ကျော်လည်း ပါဝင်ခဲ့သည်။ ထိုဖြစ်စဉ်သည် “ဘောလုံးလောကအတွက် အမှောင်မိုက်ဆုံး နေ့တစ်နေ့” ဖြစ်ခဲ့သည်ဟု အင်ဖန်တီနိုက ပြောသည်။

အိမ်ရှင်အသင်း အရီမာ အက်ဖ်စီ နှင့် ဧည့်သည်အသင်း ပါဆီဘာယာ ဆူရာဘာယာ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် လိဂ်ပွဲစဉ်တစ်ခု အပြီးတွင် အားပေးသူ ပရိသတ်များက ကွင်းထဲ ကျူးကျော်စုပြုံ ဝင်လာရာတွင် ရဲများက ထိန်းသိမ်းရင်း လူပြည့်ကျပ်နေသော ပွဲကြည့်စင်များထဲကို မျက်ရည်ယိုဓာတ်ငွေ့ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် လူအုပ်ပိမှုကို ဖြစ်စေခဲ့သည်။

“မာလန်းမြို့က ကန်ဂျာရူဟန် ကွင်းကိုတော့ ကျွန်တော်တို့ ဖြိုချသွားမှာပါ။ နောက်ပြီးတော့ ဖီဖာရဲ့ စံသတ်မှတ်ချက်တွေအတိုင်း ကျွန်တော်တို့ ပြန်ဆောက်သွားမှာပါ” ဟု အင်ဒိုနီးရှားသမ္မတ ဝီဒိုဒိုက သတင်းထောက်များကို ပြောသည်။

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly