ဖမ်းခံရသည့် အမျိုးသမီးသတင်းထောက် ထောင်ဒဏ် ၃နှစ်ချမှတ်ခံရ၊ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် ထပ်မံ အမှုရင်ဆိုင်နေရ

ဖမ်းခံရသည့် အမျိုးသမီးသတင်းထောက် ထောင်ဒဏ် ၃နှစ်ချမှတ်ခံရ၊ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် ထပ်မံ အမှုရင်ဆိုင်နေရ

ဒီဇင်ဘာလ ၂၂ ရက်

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းတွင် ၂၀၂၁ခုနှစ်ဒီဇင်ဘာလ ၅ရက်နေ့က ကားဖြင့်တိုက်၍ ဖမ်းဆီးခံရသည့် Myanmar Pressphoto Agency (MPA)မှ သတင်းထောက်နှစ်ဦးအပါအဝင် လူငယ်ကိုးဦးကို စစ်ကောင်စီက ဒီဇင်ဘာလ ၂၁ရက်နေ့တွင် အလုပ်နှင့်ထောင်ဒဏ်သုံးနှစ်စီ ချမှတ်လိုက်ကြောင်း သိရသည်။

သတင်းထောက်နှစ်ဦးဖြစ်သည့် ကိုကောင်းဆက်လင်းနှင့် မမှူးရတနာခက်မို့မို့ထွန်းတို့အပါအဝင် လူငယ်ကိုးဦးကို အင်းစိန်ထောင်အတွင်းရှိ ကြည့်မြင်တိုင်မြို့နယ်တရားရုံးက ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-ကဖြင့် ထောင်ဒဏ်သုံးနှစ်စီ ချမှတ်လိုက်သည်ဟု မိသားစုဝင်တစ်ဦးက မဇ္ဈိမသို့ပြောသည်။

“သူတို့ကို ၅၀၅(က)ပုဒ်မနဲ့ အလုပ်နဲ့ထောင်ဒဏ်သုံးနှစ်စီ ချမှတ်လိုက်တယ်” ဟု ဆိုသည်။

အမိန့်ချမှတ်ခံခဲ့ရသည့်ထဲမှ အသက်၃၄နှစ်အရွယ် အမျိုးသမီးသတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းသည် ယခုအမှုအပြင် သင်္ဃန်းကျွန်းမြို့နယ် ရဲစခန်းက စွဲဆိုထားသည့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ၅၀(ည)ဖြင့် အရှေ့ပိုင်းခရိုင်တရားရုံးတွင် တရားရင်ဆိုင်‌ေနရသည်။

ပုဒ်မ၅၀(ည)သည် အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသည့် အဖွဲ့အစည်းတစ်ခုခုကို ငွေကြေးထောက်ပံ့ခြင်း ပြုလုပ်ပါက တရားစွဲဆိုခံရသည့်ပုဒ်မဖြစ်ပြီး ထောင်ဒဏ်တစ်သက်ထိ ချမှတ်နိုင်သည်။

အမျိုးသမီးသတင်းထောက်တစ်ဦးကို ယခုကဲ့သို့ တရားစွဲဆိုထားခြင်းနှင့်ပတ်သက်ပြီး MPAမှအယ်ဒီတာဦးဂျေပိုင်က ”သူ့ကို ထောင်သုံးနှစ်ချပြီး ၅၀(ည)နဲ့ထပ်စွဲတယ်ဆိုတာကတော့ လုံးဝမဖြစ်သင့်တဲ့ကိစ္စပေါ့။ အစတည်းက သူကသတင်းသမားသတင်းယူတာပဲ” ဟု ဆိုသည်။

မမှူးရတနာခက်မို့မို့ထွန်းသည် စစ်ကောင်စီက ကားဖြင့်တိုက်ဖမ်းခဲ့သည့်ဒဏ်ရာကြောင့် ဘယ်ဖက်ခြေထောက်ကျိုးပြီး ကြေသွားသည့်အတွက် ဆေးကုသမှုများ ခံယူထားရသူဖြစ်သည်။ လက်ရှိအချိန်တွင် ချိုင်းထောက်၊ ဝှီးချဲကိုသာအသုံးပြုပြီး သွားနေရသည်ဟု သိရသည်။

စတင်ဖမ်းဆီးခံရချိန်က ဦးခေါင်းတွင် ဒဏ်ရာများရရှိခဲ့သည့်အပြင် နားတစ်ဖက်ပြတ်သွားသည့်အတွက် ပြန်ချုပ်ထားခဲ့ရသည်ဟု ၎င်း၏အစ်မဖြစ်သူက ဆိုသည်။

မိသားစုထဲတွင် သမီးအကြီးဆုံးဖြစ်သည့် မမှူးရတနာခက်မို့မို့ထွန်း လက်ရှိရင်ဆိုင်နေရသော အခက်အခဲများမှ လွတ်မြောက်ပြီး အေးအေးဆေးဆေး ပြန်လည်နေထိုင်နိုင်ရန်အတွက် ပြင်ပတွင်ကျန်နေခဲ့သည့် မိခင်နှင့်ညီမတို့က မျှော်လင့်လျက်ရှိနေကြသည်။

“ငယ်ငယ်ထဲကအဖေမရှိဘဲ နေခဲ့ရတဲ့အချိန်တွေမှာမမကပဲ အစ်မလိုအဖေလိုဘေးကနေစောင့်ရှောက်ပြီး မျက်နှာမငယ်အောင်ထားပေးခဲ့တယ်။ မမရဲ့ဘဝကိုအေးအေးချမ်းချမ်းလေးဖြစ်စေချင်နေပြီ။ သူရင်ဆိုင်ခဲ့ရတာတွေ အများကြီးပဲ။မမကိုကျန်းကျန်းမာမာနဲ့ကျွန်မတို့သားအမိဆီ ပြန်လာစေချင်ပါတယ်”ဟု မမှူးရတနာခက်မို့မို့ထွန်း၏ ညီမဖြစ်သူက ဆိုသည်။

အာဏာသိမ်းပြီးသည့်နောက် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးသမားများ၊ သတင်းမီဒီယာသမားများနှင့် အနုပညာရှင်များကိုစစ်ကောင်စီတပ်က ဖမ်းဆီးကာ ပုဒ်မအမျိုးမျိုးတပ်ပြီး နှစ်ရှည်ထောင်များ ချမှတ်လျက်ရှိနေသည်။

အာဏာသိမ်းပြီး‌နောက် မြန်မာနိုင်ငံ၏ သတင်းစာလွတ်လပ်ခွင့်မှာ နိုင်ငံပေါင်း၁၈၀နိုင်ငံတွင် အဆင့် ၁၇၆တွင်ရှိနေသည်ဟု RSFက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် သတင်းထောက် ဦးရေ ၆၀ကျော်ဖမ်းဆီးခံထားရပြီး ထောင်ဒဏ်များချမှတ်ခံထားရသည့်အတွက် နိုင်ငံတကာအနေဖြင့် စစ်ခေါင်းဆောင်များ၏ အကြမ်းဖက်လုပ်ရပ်များကို ပြင်းပြင်းထန်ထန် အရေးယူသွားရန်အတွက် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSFက ယမန်နေ့ ဒီဇင်ဘာလ ၂၁ရက်နေ့က တောင်းဆိုထားသည်။

စာတည်း။ ။ဖူးသိမ်ကျ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly