နှစ် ၇၀ ကျော်အတွင်း ပထမဆုံး မြန်မာအရေး ဆုံးဖြတ်ချက်၌ အကြမ်းဖက်မှုများ အဆုံးသတ်ရေး လုံခြုံရေးကောင်စီ တောင်းဆို 

နှစ် ၇၀ ကျော်အတွင်း ပထမဆုံး မြန်မာအရေး ဆုံးဖြတ်ချက်၌ အကြမ်းဖက်မှုများ အဆုံးသတ်ရေး လုံခြုံရေးကောင်စီ တောင်းဆို 

ဒီဇင်ဘာလ ၂၂ ရက်

ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် နှစ်ပေါင်း ၇၄ အတွင်း မြန်မာနိုင်ငံနှင့် ပတ်သက်သော ၎င်း၏ ပထမဆုံး ဆုံးဖြတ်ချက်ကို ဗုဒ္ဓဟူးနေ့တွင် အတည်ပြုလိုက်ပြီး အကြမ်းဖက်မှုများ အဆုံးသတ်ရေး တောင်းဆိုကာ ဖြုတ်ချခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးရန် စစ်အာဏာသိမ်းအုပ်စုကို တိုက်တွန်းသည်။ 

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်၌ ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရထံမှ စစ်တပ်က အာဏာသိမ်းလိုက်ကာ ၎င်းနှင့် အခြားသော တာဝန်ရှိသူများကို ဖမ်းဆီးခဲ့ပြီး ဒီမိုကရေစီ လိုလားသော ဆန္ဒပြမှုများနှင့် လက်နက်ကိုင်တော်လှန်မှုများကို တုံ့ပြန်ရာမှ မြန်မာနိုင်ငံသည် ဝရုန်းသုန်းကား အခြေအနေ ဆိုက်လျက် ရှိသည်။ 

“ဒီကနေ့မှာ ကျွန်မတို့တွေ စစ်တပ်အနေနဲ့ သံသယမထားသင့်တဲ့ ခိုင်မာတဲ့ သတင်းစကား ပါးလိုက်ပါပြီ၊ ဒီ ဆုံးဖြတ်ချက်ကို အပြည့်အဝ အကောင်အထည် ဖော်ဖို့ ကျွန်မတို့ မျှော်လင့်တယ်”ဟု ဗြိတိန် ရေးဆွဲသော ဆုံးဖြတ်ချက်မူကြမ်းကို အတည်ပြုပြီးနောက်တွင် ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး ဘာဘာရာ ဝုဒ်ဝက်ဒ်က ပြောသည်။ 

“မြန်မာပြည်သူတွေကိုလည်း ကျွန်မတို့ ရှင်းရှင်းလင်းလင်း သတင်းစကားပါးပါတယ်၊ ကျွန်မတို့ဟာ သူတို့ရဲ့ အခွင့်အရေးတွေ၊ သူတို့ရဲ့ စိတ်ဆန္ဒတွေနဲ့ သူတို့ရဲ့ အကျိုးစီးပွားတွေမှာ တိုးတက်ရာကို ရှာဖွေနေပါတယ်ဆိုတာပါ”ဟု ဝုဒ်ဝက်ဒ်က အဖွဲ့ဝင် ၁၅ နိုင်ငံပါ ကောင်စီအား ပြောသည်။ 

မြန်မာအရေး အကျပ်အတည်းတွင် ပြင်းပြင်းထန်ထန် အရေးယူမှုများကို တရုတ်နှင့် ရုရှက ငြင်းဆန်နေခြင်းနှင့်အတူ မည်သို့ ကိုင်တွယ်မည့်အပေါ် ရေရှည် သဘောထားကွဲနေခဲ့ခြင်း ဖြစ်သည်။ ဗုဒ္ဓဟူးနေ့က မဲပေးရာ၌ တရုတ်နှင့် ရုရှက ကြားနေကာ အိန္ဒိယလည်း ထို့အတူပဲ ဖြစ်သည်။ ကျန်ရှိ အဖွဲ့ဝင် ၁၂ နိုင်ငံက ဆုံးဖြတ်ချက်ကို ထောက်ခံမဲ ပေးခဲ့သည်။ 

“တရုတ်နိုင်ငံဟာ စိုးရိမ်နေဆဲပါ”ဟု ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီး ကျန်းဂျန်က မဲပေးမှုအပြီး ကောင်စီအား ပြောသည်။ “ဒီအရေးမှာ မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်တာမျိုး မရှိပါ၊ အဆုံးသတ်၊ အခြေခံမူဘောင်ကျကျ၊ ပြီးတော့ မြန်မာကိုယ်တိုင် သင့်တင့်လျောက်ပတ်စွာ ဖြေရှင်းနိုင်မလားဆိုတာလည်း မသေချာပါ”ဟု ၎င်းက ပြောသည်။ 

မြန်မာအရေးတွင် လုံခြုံရေးကောင်စီအနေဖြင့် တရားဝင် ထုတ်ပြန်ချက်တစ်ရပ်ကိုသာ အတည်ပြုပြီး ဆုံးဖြတ်ချက် အတည်မပြုခြင်းကို တရုတ်က လိုလားကြောင်း ၎င်းက ပြောသည်။ 

မြန်မာအရေးသည် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်ရာအဖြစ် ရုရှနိုင်ငံက မရူမြင်ကြောင်း၊ ထိုအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဖြေရှင်းရမည့် အရေးမဟုတ်ဟု ယူဆကြောင်း ကုလသမဂ္ဂဆိုင်ရာ ရုရှသံအမတ်ကြီး ဗာဆေးလီ နီဘန်ဇီယာက ပြောသည်။ 

ဆုံးဖြတ်ချက် အတည်ပြုချမှတ်မှုကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင့်ကင်က ကြိုဆိုသည်။ “မြန်မာစစ်အာဏာသိမ်းအုပ်စုရဲ့ အရပ်သားတွေအပေါ် ဖိနှိပ်ချုပ်ချယ်မှုတွေနဲ့ အကြမ်းဖက်မှုတွေ အရှိန်မြှင့်နေတာ ရပ်တန့်ဖို့နဲ့ ပဋိပက္ခအကျပ်အတည်းကို ဖြေရှင်းဖို့မှာ လုံခြုံရေးကောင်စီရဲ့ အရေးပါတဲ့ ခြေလှမ်းတစ်ရပ်ပါပဲ”ဟု ထုတ်ပြန်ချက်၌ ၎င်းက ဆိုခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly