ရုရှတို့ နှစ် ၄၀ ကြာသက်တမ်းရှိ ခဲယမ်းကျည်များကို အသုံးပြုနေရပြီဟု အမေရိကန်အရာရှိ ပြော

ရုရှတို့ နှစ် ၄၀ ကြာသက်တမ်းရှိ ခဲယမ်းကျည်များကို အသုံးပြုနေရပြီဟု အမေရိကန်အရာရှိ ပြော

ဒီဇင်ဘာလ ၁၃ ရက်

ရုရှသည် ၁၀ လနီးပါးကြာမြင့်လာပြီဖြစ်သည့် ယူကရိန်းအပေါ် ကျူးကျော်စစ်ကို ဆင်နွှဲရန် ၎င်းတို့၏ ခဲယမ်းကျည်သိုလှောင်ပစ္စည်းများကို သုံးကုန်သွားသလောက် ဖြစ်လာစဉ် ယခုအခါ ဆယ်စုနှစ်များစွာကြာ သက်တမ်းကြာမြင့်နေပြီဖြစ်ပြီး ကျည်မအောင်နိုင်မှုနှုန်း မြင့်မားသည့် ခဲယမ်းကျည်များကို ထုတ်သုံးနေရပြီ ဖြစ်ကြောင်း အမေရိကန်စစ်ဖက်အကြီးတန်းအရာရှိတစ်ဦးက ဒီဇင်ဘာ ၁၂ ရက်တွင် ပြောသည်။

“သူတို့ဟာ သက်တမ်းကြာနေပြီဖြစ်တဲ့ ခဲယမ်းကျည်သိုလှောင်မှုထဲကနေ ယူသုံးထားရပါပြီ။ ဒါကို ကြည့်မယ်ဆိုရင် သူတို့ဟာ သက်တမ်းကြာနေတဲ့ ခဲယမ်းတွေကို လိုလိုလားလား အသုံးပြုနေတယ်ဆိုတာကို ပြသနေပါတယ်။ တချို့ ခဲယမ်းကျည်တွေဆိုရင် လွန်ခဲ့တဲ့ အနှစ် ၄၀ ကျော်ကတည်းက မူလ ထုတ်လုပ်ထားခဲ့တာဖြစ်တယ်” ဟု အမည်မဖော်လိုသူ အမေရိကန်အရာရှိက ပြောသည်။

ရုရှသည် ၎င်းတို့၏ ပုံမှန် ခဲယမ်းကျည် သိုလှောင်ပစ္စည်းများ ကုန်ခန်းလာစဉ် နောက်ထပ် ခဲယမ်းကျည်များ ရရှိနိုင်ရေး အီရန်နှင့် မြောက်ကိုရီးယားကို အားကိုးအားထားပြုလာနေကြောင်း အမေရိကန်က စွပ်စွဲသည်။

ရုရှအနေဖြင့် ပြည်ပမှ ပေးသွင်းသည့် လက်နက်ခဲယမ်းများနှင့် သိုလှောင်ထားသည့် သက်တမ်းကြာခဲယမ်းကျည်များကို အသုံးမပြုခဲ့ဘူးဆိုပါက ၎င်းတို့၏ အပြည့်အဝ အသုံးပြုနိုင်သော ခဲယမ်းကျည်သိုလှောင်ပစ္စည်းများက ၂၀၂၃ နှစ်စပိုင်းလောက်တွင် ကုန်သွားလိမ့်မည် ဖြစ်ကြောင်း အမေရိကန် စစ်ဖက်အကြီးတန်းအရာရှိက အကဲဖြတ်သုံးသပ်သည်။

“ကျွန်တော်တို့အခေါ် အပြည့်အဝ သုံးနိုင်တဲ့ အမြှောက်လက်နက်တွေနဲ့ ရော့ကက် ကျည်တွေအပိုင်းမှာ ရုရှတို့ သူတို့ရဲ့ အမြှောက်နဲ့ ရော့ကက်ကျည်တွေကို အသုံးပြုထားတဲ့ နှုန်းထားကို ကျွန်တော်တို့ အကဲဖြတ်ကြည့်တာဖြစ်ပါတယ်။ သူတို့အနေနဲ့ ဒါကို ၂၀၂၃ နှစ်စပိုင်းအထိပဲ လုပ်နိုင်ဖွယ် ရှိပါတယ်” ဟု အဆိုပါ အရာရှိက ပြောသည်။

သက်တမ်းပိုကြာမြင့်နေသည့် ခဲယမ်းကျည်သိုလှောင်ပစ္စည်းများကို အသုံးပြုခြင်းက စွန့်စားရမှုများ ရှိကြောင်း အဆိုပါအရာရှိက ပြောသည်။

“တစ်နည်း ပြောရရင်တော့ ခင်ဗျားအနေနဲ့ ကျည်ထိုးမယ်။ ပြီးတော့ ပစ်မယ်ဆိုရင် ဒါက ပစ်လို့ ရမှာပါ ဒါမှမဟုတ် ကျချိန်မှာ ပေါက်ကွဲမှာပါဆိုပြီး မျှော်လင့်ရသလို ဖြစ်ပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။

ယူကရိန်းတွင် အသုံးပြုရန် ရုရှအတွက် ဒရုန်းများ အီရန်က လွှဲပြောင်းပေးပို့ထားကြောင်း အမေရိကန်နှင့် ယူကရိန်းအရာရှိများက ပြောသည်။ ရုရှသည် အီရန်ထံမှ ပဲ့ထိန်းဒုံးကျည် ရာချီ ရရှိနိုင်ရေး ကြိုးပမ်းလျက် ရှိသလို အပြန်အလှန်အားဖြင့် အီရန်ကို မကြုံစဖူးလယ်ဗယ်တစ်ခုဖြင့် စစ်ဖက်နှင့် နည်းပညာဆိုင်ရာ အထောက်အပံ့များ ကမ်းလှမ်းပေးနေကြောင်း ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်က ဒီဇင်ဘာ ၉ ရက်တွင် ပြောသည်။

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly