ယူကရိန်းက ဓာတ်ငွေ့နှင့် လက်နက်များ လိုအပ်ဟု ဂျီ ၇ ကို ဇယ်လန်းစကီး ပြော 

ယူကရိန်းက ဓာတ်ငွေ့နှင့် လက်နက်များ လိုအပ်ဟု ဂျီ ၇ ကို ဇယ်လန်းစကီး ပြော 

ဒီဇင်ဘာလ ၁၃ ရက်

ရက်စက်သော ဆောင်းရာသီတွင် ရှင်သန်နိုင်ရေးအတွက် ယူကရိန်းကို ပိုသာသော ဓာတ်ငွေ့နှင့် လက်နက်များ ပေးအပ်ခြင်းဖြင့် ကူညီရန် ဂျီ ၇ နိုင်ငံများကို သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက တနင်္လာနေ့တွင် တိုက်တွန်းပြောဆိုသည်။ 

စစ်ပွဲဒဏ်သင့် နိုင်ငံအတွက် ဆောင်းရာသီသည် ပြည်သူသန်းပေါင်းများစွာ ထပ်တိုးဒုက္ခများ ရင်ဆိုင်ရရန် ခြိမ်းခြောက်လျက် ရှိနေသည်။ 

မြေပြင်သို့ ဆီးနှင်းများ ကျရောက်လာပြီဖြစ်ပြီး ရုရှ တိုက်ခိုက်မှုများကြောင့် ယူကရိန်း၏ စွမ်းအင်ကွန်ရက်က ဆိုးဝါးလျက် ရှိနေချိန် ပြည်သူတော်တော်များများသည် လျှပ်စစ်နှင့် အပူပေးစနစ် မရှိဘဲ အေးခဲသော အပူချိန်နှင့် ရင်ဆိုင်နေရသည်။ 

ဆောင်းတွင်းတစ်လျှောက်အတွက် ထပ်တိုး ဓာတ်ငွေ့ “ကုဗမီတာ ၂ ဘီလီယံခန့်” ယူကရိန်းနိုင်ငံ လိုအပ်နေကြောင်း ချမ်းသာသည့် နိုင်ငံများ ဂျီ ၇ နှင့် တနင်္လာနေ့က ဗီဒီယိုတွေ့ဆုံမှုတွင် ဇယ်လန်းစကီးက ပြောသည်။ 

ထိုပြင် “ခေတ်သစ် တင့်ကားများ” အပြင် “အမြောက်ကြီးများနှင့် တာဝေးပစ် ဒုံးကျည်များ အပါအဝင် ယူကရိန်းကို လက်နက်များ ပိုမိုထောက်ပံ့ရန်လည်း ၎င်းက ဂျီ ၇ အား တိုက်တွန်းသည်။ 

အနောက်အုပ်စု ထောက်ပံ့သော လက်နက်များသည် စစ်ပွဲရေချိန်အား ပြောင်းလဲအောင် ကူညီပေးနေပြီး ရုရှသည် လက်နက်သိုလှောင်ထားနိုင်မှု နည်းပါးလာခြင်းနှင့်အတူ အားထားနိုင်လောက်သော လက်နက်ကြီးများနှင့် ဒုံးကျည်များ နည်းပါးလာနေကြောင်း အမေရိကန် စစ်တပ်အကြီးတန်းတာဝန်ရှိသူတစ်ဦးက တနင်္လာနေ့တွင် ပြောသည်။ 

သို့ရာတွင် “ရုရှသည် အမြောက်လက်နက်ကြီးနှင့် ဒုံးကျည်များတွင် အသာစီးရနေဆဲ ဖြစ်ကြောင်း” ဇယ်လန်းစကီးက ဆိုသည်။ 

“အမှန်ပါပဲ၊ ဒီ ကျူးကျော်တဲ့ စစ်တပ်ရဲ့ စွမ်းဆောင်ရည်ဟာ စိတ်ကြီးဝင်နိုင်ဆဲ အနေအထားမှာ ရှိနေဆဲ ဖြစ်တယ်”ဟု ဇယ်လန်းစကီးက ဂျီ ၇ အုပ်စုအား ပြောခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly