အီရန်တွင် ဆန္ဒပြမှုများနှင့် ပတ်သက်ပြီး ဒုတိယမြောက် သေဒဏ်စီရင် 

အီရန်တွင် ဆန္ဒပြမှုများနှင့် ပတ်သက်ပြီး ဒုတိယမြောက် သေဒဏ်စီရင် 

ဒီဇင်ဘာလ ၁၂ ရက်

အီရန်နိုင်ငံတွင် အစိုးရဆန့်ကျင် ဆန္ဒပြမှုများနှင့် ပတ်သက်ပြီး သီတင်းတစ်ပတ်အတွင်း ဒုတိယမြောက် သေဒဏ်ပေးခြင်းအဖြစ် လုံခြုံရေးတပ်ဖွဲ့ဝင် နှစ်ဦး အသတ်ခံရမှုတွင် အပြစ်ရှိသည်ဆိုကာ လူတစ်ဦးအား တနင်္လာနေ့၌ လူမြင်ကွင်းရှေ့ ကြိုးပေးစီရင်ကြောင်း တရားရေးရာဌာန၏ Mizan သတင်းအေဂျင်စီက ဖော်ပြသည်။ 

မဖြစ်မနေ လိုက်နာရသော တင်းကျပ်သည့် ဝတ်စားဆင်ယင်မှု ဥပဒေကို ထိန်းသိမ်းသော ကျင့်ဝတ်စောင့်ထိန်းရေး ရဲတပ်ဖွဲ့၏ ဖမ်းဆီးမှုအတွင်း အသက် ၂၂ နှစ်အရွယ် ကာ့ဒစ်ရှ် အမျိုးသမီး မာရှာ အမီနီသည် စက်တင်ဘာ ၁၆ ရက်က သေဆုံးခဲ့ချိန်မှစကာ ဖြစ်ပွားပေါ်ပေါက်သော နိုင်ငံအဝန်း ဆန္ဒပြမှုများသည် သုံးလကြာမြင့်ပြီ ဖြစ်သည်။ 

ဆန္ဒပြမှုများသည် အလွှာစုံမှ ဒေါသထွက်သော ပြည်သူများအားဖြင့် လူထောက်ခံသော တော်လှန်အုံကြွမှုအသွင်သို့ ကူးပြောင်းပြီး ၁၉၇၉ တော်လှန်ရေး နောက်ပိုင်း ဘာသာရေးခေါင်းဆောင်မှုအတွက် အဆိုးဆုံးသော စိန်ခေါ်မှုတစ်ရပ် ဖြစ်လာခဲ့သည်။ 

“မာဂျစ် ရီဇာ ရတ်ရှ်နာဗက်ဒ်ကို နံနက်ပိုင်းက မာရှက်မြို့မှာ ဒီ လူမြင်ကွင်းရှေ့ ကြိုးပေးခဲ့တယ်၊ လုံခြုံရေးအဖွဲ့ဝင် နှစ်ဦး ဓားနဲ့ထိုးခံရပြီး သေဆုံးတဲ့နောက်မှာ ‘ဘုရားသခင်ကို ဆန့်ကျင်တဲ့ စစ်ပွဲ’ အတွက် သူ့ကို သေဒဏ်ပေးတာပဲ ဖြစ်တယ်”ဟု Mizan သတင်းဌာနက ဖော်ပြသည်။ 

အသက် ၂၃ နှစ်အရွယ် ရတ်ရှ်နာဗက်ဒ်ကို သေဒဏ်စီရင်ခြင်းက သဘောထားကွဲလွဲမှုများကို ဟန့်တားသည့် ဘာသာရေးဆိုင်ရာ အစိုးရ ကျူးလွန်သော “ရာဇဝတ်မှုတစ်ရပ်” အဖြစ် လူမှုမီဒီယာတွင် တက်ကြွလှုပ်ရှားသူများက ဝေဖန်ကြသည်။ 

ဆန္ဒပြပွဲအတွင်း လုံခြုံရေးအစောင့်တပ်ဖွဲ့ဝင် တစ်ဦးကို ဓားဖြင့် ဒဏ်ရာရစေခြင်းနှင့် တီဟီရန်က လမ်းမကို ပိတ်ဆို့ခြင်းကြောင့် မိုဆန် ရှီကာရီဆိုသူ လူငယ်တစ်ဦးကိုလည်း အီရန်နိုင်ငံက ကြာသပတေးနေ့တွင် သေဒဏ်ပေး ကွပ်မျက်ထားခြင်းဖြစ်ကာ အမေရိကန်နှင့် မဟာမိတ်များက ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချထားသည်။ 

ရှီကာရီသည် နှိပ်စက်ညှဥ်းပန်းခံရပြီး အတင်းဝန်ခံ ခိုင်းခြင်းဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့များက ပြောသည်။ 

“အီရန်နိုင်ငံအား တုန်လှုပ်စေသည့် လူထောက်ခံသော အုံကြွမှုအတွင်း ပါဝင်သူများကို ခြိမ်းခြောက်ရန် အယောင်ပြ တရားစီရင်မှုအတွင်း” အီရန်အာဏာပိုင်များသည် အနည်းဆုံး လူ ၂၁ ဦးကို သေဒဏ်အပြစ်ပေးရန် ကြိုးပမ်းနေသည်ဟု နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာရေး (AI) အဖွဲ့က ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly