ရုရှ၏ ဒရုန်းတိုက်ခိုက်မှုနောက်ပိုင်း ယူကရိန်း၏ အိုဒက်ဆာမြို့တွင် ပြည်သူ ၁ သန်းခွဲကျော် ဓာတ်အားပြတ်တောက်မှုနှင့် ရင်ဆိုင်ရ

By The Times of Israel
11 December 2022
ရုရှ၏ ဒရုန်းတိုက်ခိုက်မှုနောက်ပိုင်း ယူကရိန်း၏ အိုဒက်ဆာမြို့တွင် ပြည်သူ ၁ သန်းခွဲကျော် ဓာတ်အားပြတ်တောက်မှုနှင့် ရင်ဆိုင်ရ

ဒီဇင်ဘာလ ၁၁ ရက်

ရုရှ၏ ကာမီကာဇီ ဒရုန်းများဖြင့် ညအချိန် တိုက်ခိုက်ခြင်းကို ခံရပြီးနောက် ယူကရိန်းတောင်ပိုင်း အိုဒက်ဆာမြို့တွင် ဒီဇင်ဘာ ၁၀ ရက်က ပြည်သူ တစ်သန်းခွဲကျော်သည် လျှပ်စစ်ဓာတ်အားမရဘဲ ဖြစ်နေကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ပြောသည်။

ဒီဇင်ဘာ ၉ ရက် ရုရှတိုက်ခိုက်မှုများကြောင့် ဖြစ်ပေါ်ခဲ့သည့် ထိခိုက်ပျက်စီးမှုများကို ပြန်လည်ပြုပြင်ရန် သီတင်းပတ်များနှင့်ချီ အချိန်ယူရမည် ဖြစ်ပြီး ယုတ်စွအဆုံး သုံးလအထိ အချိန်ကြာနိုင်ကြောင်း အိုဒက်ဆာဒေသ၏ စွမ်းအင်အာဏာပိုင်အဖွဲ့က သတိပေးသည်။

“အီရန်လုပ် ဒရုန်းတွေနဲ့ ညအချိန် တိုက်ခိုက်ခံရပြီးနောက်မှာ အိုဒက်ဆာနဲ့ ဒေသတွင်းက အခြားမြို့တွေ၊ ရွာတွေဟာ ဓာတ်အားမရတော့ဘဲ အမှောင်ထုထဲမှာ ရှိနေရပါပြီ” ဟု ဇယ်လန်စကီးက ပြောသည်။

“ခုချိန်မှာ အိုဒက်ဆာ ဒေသမှာ လူတစ်သန်းခွဲကျော်ဟာ လျှပ်စစ်ဓာတ်အားမရဘဲ နေထိုင်နေကြရပါတယ်” ဟု သူက ပြောသည်။

လက်ရှိတွင် ဆေးရုံများ ၊ သားဖွားဆောင်များ အပါအဝင် မရှိမဖြစ် အရေးကြီးသော အခြေခံအဆောက်အအုံများတွင်သာ လျှပ်စစ်ဓာတ်အား ရရှိနေကြောင်း သမ္မတရုံးအဖွဲ့၏ ဒုတိယအကြီးအကဲအရာရှိ ကိုင်ရီလို တိုင်မိုရှန်ကိုက ပြောသည်။

“အခြေအနေက ခက်ခဲနေပါသေးတယ်။ ဒါပေမယ့် ထိန်းချုပ်ထားနိုင်ပါတယ်” ဟု တိုင်မိုရှန်ကိုက ပြောသည်။

ဖေဖေါ်ဝါရီ ၂၄ ရက်က ရုရှသမ္မတ ဗလာဒီမာ ပူတင်က ယူကရိန်းနိုင်ငံထဲ တပ်ဖွဲ့များ စေလွှတ်မှု မတိုင်မီ ပင်လယ်နက် ဆိပ်ကမ်းမြို့ အိုဒက်ဆာသည် ယူကရိန်းနိုင်ငံသားများနှင့် ရုရှနိုင်ငံသားများ နှစ်သက်သည့် အားလပ်ရက် ခရီးထွက်ရာနေရာတစ်ခုဖြစ်ခဲ့သည်။

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly