ဘင်္ဂလားဒေ့ရှ် အစိုးရအား ဆန့်ကျင်ဆန္ဒပြပြီး ရွေးကောက်ပွဲသစ် ကျင်းပရေး တောင်းဆို 

ဘင်္ဂလားဒေ့ရှ် အစိုးရအား ဆန့်ကျင်ဆန္ဒပြပြီး ရွေးကောက်ပွဲသစ် ကျင်းပရေး တောင်းဆို 

ဒီဇင်ဘာလ ၁၀ ရက်

ဘင်္ဂလားဒေ့ရှ် အဓိက အတိုက်အခံပါတီအား အားပေးထောက်ခံသူ ထောင်ပေါင်းများစွာသည် စနေနေ့၌ ဒါကာတွင် စုရုံးကြပြီး ဝန်ကြီးချုပ် ရှိတ် ဟာစီနာ အစိုးရအား ကန့်ကွက်ဆန္ဒပြကြကာ ရွေးကောက်ပွဲသစ်များ ကျင်းပရေးအတွက် တောင်းဆိုသည်။ 

“ရှိတ် ဟာစီနာက မဲသူခိုး”ဟူ၍ စတင်စုရုံးသည် ဂိုလတ်ဘတ်ချ်အားကစားကွင်းတွင် ဆန္ဒပြသူများက ကြွေးကြော်ကြပြီးနောက် ဝန်းကျင်လမ်းများသို့ လူစုခွဲခဲ့ကြသည်။ 

အတိုက်အခံ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေး ပါတီ BNP ပါတီ၏ ရုံးချုပ်အား လုံခြုံရေးတပ်များက အင်္ဂါနေ့တွင် ဝင်ရောက်စီးနင်း၍ မြို့တော်တွင် တင်းမာမှုများ မြင့်တက်လျက် ရှိရာ လူတစ်ဦး သေဆုံးပြီး နှစ်ဆယ်ခန့် ထိခိုက်ဒဏ်ရာရသည်။ 

ပါတီ၏ ထိပ်တန်းခေါင်းဆောင်နှစ်ဦးကိုလည်း ဆူပူအောင် သွေးထိုးလှုံ့ဆော်မှုဖြင့် သောကြာနေ့က ဖမ်းဆီးထားရာ စုရုံးဆန္ဒပြမှုများကို တားမြစ်နိုင်ရေး ကြိုးစားမှုအဖြစ် နိုဝင်ဘာ ၃၀ ရက်မှစပြီး တက်ကြွလှုပ်ရှားသူနှင့် ပါတီထောက်ခံသူ ၂,၀၀၀ ဝန်းကျင်ကို ဖမ်းဆီးထားခြင်းပဲ ဖြစ်သည်။ 

အာရှတွင် အလျင်မြန်ဆုံး စီးပွားရေး ဖွံ့ဖြိုးနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက နိုင်ငံရေးအခြေအနေကို စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂနှင့်အတူ အနောက်အစိုးရများက ဖော်ပြကြသည်။ 

နိုင်ငံသည် အမေရိကန်နှင့် ရေရှည်ချိတ်ဆက်မှု ရှိခဲ့သော်လည်း မကြာသေးသော နှစ်များအတွင်း ဟာစီနာသည် တရုတ်နှင့် ဆက်ဆံရေးကို နက်ရှိုင်းစေခဲ့ကာ တရုတ်သည် ဝန်ကြီးချုပ်၏ ဒေါ်လာ ဘီလီယံများစွာ တန်ဖိုးရှိ စီမံကိန်းအချို့ကို ငွေကြေးစိုက်ထုတ်ပေးလာခဲ့သည်။ 

ဟာစီနာ နှုတ်ထွက်ရေးနှင့် ယာယီအစိုးရတစ်ရပ် လက်အောက်တွင် ရွေးကောက်ပွဲ ကျင်းပရေးအတွက် နိုင်ငံတစ်ဝန်း ဆန္ဒပြမှုများကို အတိုက်အခံများက ပြုလုပ်ရာ ဟာစီနာက လုံးလုံးလျားလျား ပယ်ချသည်။ 

စနေနေ့ နံနက်ပိုင်းက ပြုလုပ်သော လူထုစုရုံးမှုသို့ လူပေါင်း ၂၀၀,၀၀၀ ခန့် ပါဝင်ခဲ့ကြကြောင်း BNP ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

“ကျွန်တော်တို့ အဓိက တောင်းဆိုတာက ရှိတ် ဟာစီနာ နှုတ်ထွက်ဖို့နဲ့ လွှတ်တော် ဖျက်သိမ်းဖို့ပဲ၊ ပြီးရင် ကြားနေ ယာယီအစိုးရက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ပဲ”ဟု ပြောခွင့်ရသူ ဇာဟီရူဒင်က အေအက်ဖ်ပီသို့ ပြောခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly