အရပ်ပုသော အမျိုးသားများတွင် အတ္တလွန်ကဲတတ်သော၊ အကြမ်းပတမ်း လုပ်တတ်သော စိတ်အခြေအနေများ ရှိဟု သိပ္ပံပညာရှင်များ ပြော

အရပ်ပုသော အမျိုးသားများတွင် အတ္တလွန်ကဲတတ်သော၊ အကြမ်းပတမ်း လုပ်တတ်သော စိတ်အခြေအနေများ ရှိဟု သိပ္ပံပညာရှင်များ ပြော

ဒီဇင်ဘာလ ၇ ရက်
     

မိမိထက် အရပ်ပိုရှည်သော အမျိုးသမီးများ၏ ချစ်ကြိုက်ခြင်းကို ခံရသည့် အရပ် ၅ ပေ ၈ လက်မနှင့် အောက်ရှိ အမျိုးသားများကို ရည်ညွှန်းသည့် ShortKingSprint ဟက်ရှ်တက် (#) တစ်ခု ယခုနှစ်အစောပိုင်းက ဆိုရှယ်မီဒီယာတွင် ခေတ်ထခဲ့ခြင်းနှင့်အတူ ပြီးပြည့်စုံသော အမျိုးသားတစ်ဦးဖြစ်ခြင်းအတွက် ‘အရပ်ရှည်ခြင်း၊ အသား ညိုမောင်းခြင်း နှင့် ရုပ်ဖြောင့်ခြင်း’ ဆိုသည့် တင်စားသော အသုံးအနှုန်းများက ခေတ်ကုန်တော့မည်ပုံပေါ်သည်။

အရပ် ၅ ပေ ၈ လက်မ ရှိသည့် အမေရိကန်အဆိုတော်၊ မင်းသား ဂျိုး ဂျိုနက်စ်သည် သူ့ထက် အရပ်ပိုရှည်သည့် ဇနီးဖြစ်သည့် ဆိုဖီ တန်နာ နှင့်အတူ ကော်ဇောနီပေါ် ဂုဏ်ယူဝံ့ကြွားစွာ လျှောက်လှမ်းတတ်သည်ကို မကြာခဏ မြင်ရနိုင်သည်။ ထိုနည်းအတူ အရပ် ၅ ပေ ၈ လက်မပင် ဖြစ်သည့် မင်းသား တွန် ဟော်လန်းကိုလည်း သူ့ထက် အရပ်ပိုရှည်သည့် ချစ်သူဖြစ်သည့် မင်းသမီး ဇန်ဒါရာနှင့်အတူ ကော်ဇောနီပေါ် မကြာခဏ ဂုဏ်ယူစွာ လျှောက်လမ်းတတ်သည်ကို မြင်ရနိုင်သည်။

သို့သော် မိမိထက် အရပ်အမောင်း ပိုပုသော လက်တွဲဖော်ချစ်သူတစ်ဦးကို ရှာနေသူများအနေဖြင့် သတိဖြင့် ရှေ့ဆက်ရန် လိုကောင်း လိုနိုင်ကြောင်း သိပ္ပံပညာရှင်တို့က ပြောသည်။

ပျမ်းမျှအောက် အရပ်ပုသော အမျိုးသားများသည် ပိုမို အင်အားကြီးသည့် ပုံပေါက်စေရန် ကိုယ့်ကိုယ်ကို အချစ်လွန်ကဲတတ်သော၊ အတ္တကြီးလွန်းသော စိတ်အခြေအနေများကို ပြသလေ့ ရှိကြောင်း လေ့လာချက်တစ်ရပ်တွင် တွေ့ရှိသည်။

“လူတွေဟာ ခန္ဓာကိုယ်ရုပ်ပိုင်းအရ ရှိန်လောက်တဲ့ အနေအထား မရှိနိုင်တဲ့အချိန်မှာ သူတို့ဟာ စိတ်ပိုင်းဆိုင်ရာအရ ဖြုံလောက်တဲ့ အနေအထား ဖြစ်လာနိုင်ပါတယ်” ဟု လေ့လာချက်တွင် ဦးဆောင် ရေးသားသည့် ပိုလန်နိုင်ငံ Wroclaw တက္ကသိုလ်မှ မော်နီကာ ကို့ဇ်လော့စကာက ပြောသည်။

အကြမ်းပတမ်း လုပ်တတ်သော စိတ်အခြေအနေကဲ့သို့ ဉာဉ်၊ လက္ခဏာများရှိသည့် အရပ်ပုသူများသည် တခြားသူများထံမှ လေးစားမှုကို တောင်းဆိုရန်၊ တခြားသူများအပေါ် စီးပိုးအခွင့်အရေးယူရန်နှင့် ချစ်သူလက်တွဲဖော်ထံမှ အထင်ကြီးမှုကို ခံရစေရန်အတွက် အဆိုပါ ဉာဉ်၊ လက္ခဏာများကို အသုံးပြုနိုင်သည်။

အရပ်ပုသူများအနေဖြင့် ပိုမို အင်အားရှိပုံပေါ်စေခြင်းအားဖြင့် အခြားသူများ၏ အမြင်တွင် ၎င်းတို့သည် အမှန်တကယ် ရှိသည့် အရပ်အမောင်းထက် ပိုရှည်သကဲ့သို့ အထင်ရှိခံရကောင်း ခံရစေနိုင်သည်။

မစ္စ ကို့ဇ်လော့စကာသည် Elsevier ဂျာနယ် Personality and Individual Differences တွင် ဖော်ပြခဲ့သည့် လေ့လာချက်အတွက် ‘Nepoleon Complex’ ဟု ခေါ်သည့် လေ့လာတွေ့ရှိချက်ကို စုံစမ်းလေ့လာခဲ့သည်။

ယင်းသည် အရပ်အမောင်း မကောင်းမှုအတွက် အစားထိုးသည့်အနေဖြင့် အရပ်ပုသူများ ပြသတတ်သည့် စိုးမိုးခြယ်လှယ်လိုသော သို့မဟုတ် ရန်လိုတတ်သော သဘောထားတစ်ခု ဖြစ်သည်။

ယင်းက ပြင်သစ် စစ်ဘုရင် နပိုလီယန် ဘိုနာပတ်ကို အစွဲပြု အမည်ပေးထားခြင်းဖြစ်သည်။ မတူညီသော သမိုင်းမှတ်တမ်းများအရ အရပ် ၅ ပေ ၂ လက်မ သို့မဟုတ် ၅ ပေ ၇ လက်မ ဖြစ်မည်ဟု ဖော်ပြခံရသည့် နပိုလီယန်ကို ပြင်သစ် တော်လှန်ရေးအတွင်း သူ၏ အရပ်အမြင့်နှင့်ပတ်သက်ပြီး ဗြိတိသျှ သတင်းစာများက သရော်မှုများ ရှိခဲ့သည်။

နပိုလီယန်သည် အာဏာနှင့် စစ်ပွဲကို အနိုင်ရအောင် ကြိုးပမ်းရယူသည့် ဒေါသကြီးတတ်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်ဟု သူ၏ ရန်သူများက ထုတ်ဖော်ကြသည်။ ပျမ်းမျှထက် ပိုပုသည် ဆိုသည့် သူ၏ အရပ်အမောင်းက ဤ ထူးခြားသော ပင်ဂိုလက္ခဏာများနှင့် ဆက်နွယ်နေခဲ့သည်။

ပျမ်းမျှအောက် ပိုပုသည်ဟု ယူဆခံရသည့် အမျိုးသားများနှင့် ‘dark triad’ traits ပင်ဂိုစရိုက် ဉာဉ်လက္ခဏာများကို ထုတ်ဖော်ပြသခြင်း အကြား ဆက်နွယ်ပတ်သက်မှုတစ်ခု ရှိသလား ဆိုသည်ကို မစ္စ ကို့ဇ်လော့စကာက သိချင်ခဲ့သည်။

‘Dark triad’ အမည်အောက်တွင် ပင်ဂိုစရိုက် ဉာဉ်၊ လက္ခဏာ သုံးခု ရှိသည်။ ယင်းတို့မှာ မျှဝေခံစားမှု ကင်းမဲ့ပြီး ရိုင်းရာကျသည့် အပြုအမူဖြစ်သော အကြမ်းပတမ်း လုပ်တတ်ခြင်း၊ ကိုယ့်ကိုယ်ကို အချစ်လွန်ပြီး အတ္တစိတ်လွန်ကဲတတ်ခြင်း၊ အကျင့်သိက္ခာကို ဉပေက္ခာပြုပြီး ခြယ်လှယ်လိုမှုကို ထုတ်ဖော်ပြသတတ်ခြင်းတို့ ဖြစ်သည်။

သုတေသီများသည် dark triad စစ်တမ်းမေးခွန်းလွှာကို အသုံးပြုပြီး အမျိုးသား၊ အမျိုးသမီး ၃၆၇ ဦးကို သဘောထားမေးမြန်းကောက်ယူခဲ့သည်။ ပါဝင်ဖြေဆိုသူများကို ‘လိုချင်တာ ရဖို့၊ လုပ်ချင်တာ လုပ်ဖို့ တခြားသူတွေအပေါ် ငါ ခြယ်လှယ်လေ့ ရှိတယ်’ ကဲ့သို့ စကားစုများကို ၎င်းတို့ မည်မျှအထိ ခိုင်ခိုင်မာမာ လက်ခံသဘောတူသလဲ ဆိုပြီး မေးမြန်းခဲ့သည်။

အဖြေများမှတဆင့် ၎င်းတို့အနေဖြင့် dark triad ဉာဉ် လက္ခဏာ သုံးခုကို မည်မျှအထိ အခိုင်အမာ ထုတ်ဖော်ပြသသလဲ ဆိုသည်ကို ရည်ညွှန်းသည့် ရမှတ်ကို ပေးသည်။

စစ်တမ်းတွင် ပါဝင်ဖြေဆိုသူတိုင်းသည် ၎င်းတို့၏ အရပ်အမြင့်ကို ထုတ်ဖော်ရသလို ၎င်းတို့၏ အရပ်အမြင့်နှင့်ပတ်သက်ပြီး မည်မျှအထိ ကျေနပ်အားရမှု ရှိသလဲ ဆိုသည်နှင့် မည်မျှအထိ မကြာမကြာ အရပ်အမြင့်နှင့်ပတ်သက်ပြီး စိတ်ခံစားချက် ဖြစ်မိတတ်သလဲ ဆိုသည်တို့ကို ထုတ်ဖော်ကြရသည်။

ရလဒ်များအရ ရှိရင်းစွဲ အရပ်အမောင်းထက် ပိုရှည်ချင်ကြသည့် အရပ်ပုသော ပါဝင်ဖြေဆိုသူ အမျိုးသား၊ အမျိုးသမီးများသည် dark triad ဉာဉ် လက္ခဏာ သုံးခုစလုံးအတွက် ရမှတ် ပိုမြင့်ဟန်ရှိကြောင်း ပြသသည်။

သို့သော် ကိုယ့်ကိုယ်ကို အချစ်လွန်မှု၊ အတ္တလွန်ကဲမှုက အထူးသဖြင့် ဤအမျိုးအစားအောက်တွင် အမျိုးသားများတွင်သာ အားကောင်းသည်ကို တွေ့ရပြီး ထိုလားရာသည် အမျိုးသမီးများတွင် မရှိသည်ကို တွေ့ခဲ့ရသည်။

အဆိုပါ ဆက်နွယ်ပတ်သက်မှုများသည် ဆင့်ကဲဖြစ်စဉ်ကြောင့်ဟု မှတ်ယူနိုင်ကြောင်း သုတေသီတို့က အဆိုကြမ်း ထုတ်သည်။

“ပျမ်းမျှအောက် အရပ်ပိုပုတဲ့ အမျိုးသားတွေဟာ သူတို့ရဲ့ ဒီ ဉာဉ် လက္ခဏာတွေနဲ့အတူ တခြားသူတွေရဲ့ လေးစားမှုကို တောင်းဆိုနိုင်တာ၊ တခြားသူတွေအပေါ် တင်စီးအခွင့်အရေးယူနိုင်တာ၊ အရင်းအမြစ်တွေ ရယူနိုင်တာနဲ့ ချစ်သူလက်တွဲဖော်တွေရဲ့ အထင်ကြီးမှုကို ခံရနိုင်စေတာတို့ ဖြစ်နိုင်ပါတယ်” ဟု သုတေသီများက ရေးသည်။

အရပ်ပိုပုသော အမျိုးသမီးများအနေဖြင့်လည်း ပိုပြီး နှစ်လိုဖွယ်ကောင်းသည့် ပုံပေါ်စေရန် သို့မဟုတ် အကာအကွယ်နှင့် အရင်းအမြစ်များ ရရှိရန် ပရိယာယ်အဖြစ် အသုံးချနိုင်သည်။

 

 (ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly