အီရန်နိုင်ငံ၏ ဓလေ့ထုံးတမ်းယဉ်ကျေးမှုစနစ်ကို အလုံးစုံစစ်ဆေးပြုပြင်ရေး ခါမေနီ တိုက်တွန်း

အီရန်နိုင်ငံ၏ ဓလေ့ထုံးတမ်းယဉ်ကျေးမှုစနစ်ကို အလုံးစုံစစ်ဆေးပြုပြင်ရေး ခါမေနီ တိုက်တွန်း

ဒီဇင်ဘာလ ၇ ရက်

အီရန်နိုင်ငံ၏ ဓလေ့ထုံးတမ်း ယဉ်ကျေးမှုစနစ်ကို လုံးလုံးလျားလျား ပြောင်းလဲပြီး ပြန်လည်တည်ဆောက်ရေး နိုင်ငံ၏ အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီက ဒီဇင်ဘာ ၆ ရက်တွင် တိုက်တွန်းလိုက်ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။

နိုင်ငံတစ်ဝန်း ဆန္ဒပြမှုများကြောင့် အီရန်အာဏာပိုင်တို့အပေါ် ဖိအားများ ဆက်လက်ကျရောက်နေသည်။

“နိုင်ငံရဲ့ ယဉ်ကျေးမှုစနစ်ကို လုံးဝဥဿုံ ပြောင်းလဲဖို့ လိုပါတယ်။ အမြင့်ဆုံးကောင်စီအနေနဲ့ နိုင်ငံရဲ့ မတူညီတဲ့ နယ်ပယ်တွေမှာ ထုံးတမ်းဓလေ့ ယဉ်ကျေးမှုရဲ့ အားနည်းချက်တွေကို လေ့လာသတိပြုမိသင့်ပါတယ်” ဟု ခါမေနီက အစိုးရ ယဉ်ကျေးမှုကောင်စီတစ်ခုနှင့် တွေ့ဆုံစဉ် ပြောသည်။

အီရန်နိုင်ငံတွင် အစ္စလမ္မစ် ဝတ်စားဆင်ယင်မှုဆိုင်ရာ စည်းမျဉ်း ချိုးဖောက်သည်ဟု ဆိုပြီး မာဟ်ဆာ အာမီနီ အမည်ရ အမျိုးသမီးတစ်ဦး ရဲတပ်ဖွဲ့၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံရစဉ် စက်တင်ဘာ ၁၆ ရက်က သေဆုံးသည့် ဖြစ်စဉ်ဖြစ်ပြီးနောက် နိုင်ငံတစ်ဝန်း ဆန္ဒပြမှုများနှင့် မငြိမ်မသက်မှုတို့ဖြင့် ကိုင်လှုပ်ထားခဲ့သည်။

အီရန် ဆန္ဒပြပွဲများသည် ၁၉၇၉ ခုနှစ် တော်လှန်ရေး နောက်ပိုင်း အစ္စလမ္မစ် သမ္မတနိုင်ငံ၏ အာဏာပိုင်တို့အတွက် အပြင်းထန်ဆုံး စိန်ခေါ်မှုတစ်ခု ဖြစ်ခဲ့သည်။

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly