ရုရှနိုင်ငံထဲထိ တိုက်ခိုက်နိုင်စွမ်းကို ယူကရိန်းက ပြသလာဟန် ရှိ 

ရုရှနိုင်ငံထဲထိ တိုက်ခိုက်နိုင်စွမ်းကို ယူကရိန်းက ပြသလာဟန် ရှိ 

ဒီဇင်ဘာလ ၇ ရက်

ရုရှလေတပ်စခန်းနှစ်ခုကို တိုက်ခိုက်လိုက်ခြင်းနှင့်အတူ ယူကရိန်းသည် ရုရှနိုင်ငံအတွင်း ကီလိုမီတာ ရာပေါင်းများစွာအထိ ထိုးဖောက်ဝင်ရောက်ကာ တိုက်ခိုက်နိုင်စွမ်းကို ပြသလိုက်ဟန် ရှိခဲ့သည့် နောက်တစ်ရက်၌လည်း တတိယမြောက် ရုရှလေယာဉ်ကွင်းတစ်ကွင်း ဒရုန်းတိုက်ခိုက်မှုကြောင့် မီးလောင်ခဲ့ပြန်သည်။ 

အင်္ဂါနေ့က နောက်ဆုံးတိုက်ခိုက်ခံရမှုအပြီး လေယာဉ်ကွင်းတွင် မီးခိုးမည်းများ လွင့်တက်နေသည့် ဓာတ်ပုံများကို ယူကရိန်းနယ်စပ် မြောက်ပိုင်း ကီလိုမီတာ ၉၀ (မိုင် ၆၀) ခန့်က ရုရှ၏ ကာ့စ်ခ်မြို့ရှိ တာဝန်ရှိသူများက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ရေနံသိုလှောင်ကန်တစ်ခု မီးလောင်ခဲ့သော်လည်း အသေအဆုံး မရှိကြောင်း မြို့အုပ်ချုပ်ရေးမှူးက ပြောသည်။ 

တနင်္လာနေ့ကလည်း ယူကရိန်းနိုင်ငံမှမှ ကီလိုမီတာ ရာပေါင်းများစွာ ဝေးသော ရုရှနိုင်ငံထဲရှိ မဟာဗျူဟာဗုံးကြဲလေယာဉ်များ အခြေစိုက်ရာ အန်ဂျဲလ်လေတပ်စခန်းနှင့် မော်စကိုမှ နာရီအနည်းငယ် ကားမောင်းသွားလျှင်ပင်ရောက်သော အာယာဇန်လေတပ်စခန်းတို့ကို ဆိုဗီယက်ခေတ် ဒရုန်းများဖြင့် တိုက်ခိုက်ခံရကြောင်း ရုရှက ပြောသည်။ 

ထို တိုက်ခိုက်မှုများနှင့် ပတ်သက်ကာ တာတန်ရှိကြောင်း ယူကရိန်းက တိုက်ရိုက်အတည်မပြုသော်လည်း ယင်းအတွက် အောင်ပွဲခံခြင်းများတော့ ရှိသည်။ 

အင်္ဂါနေ့နှောင်းပိုင်းတွင် အန်ဂျဲလ်လေယာဉ်ကွင်း၏ ပိုင်နက်ဧရိယာအတွင်း ဥဩဆွဲသံများ ကြားရကြောင်း ခရိုင်အုပ်ချုပ်ရေး ပထမလက်ထောက်အရာရှိတစ်ဦးကို ကိုးကားပြီး ရုရှနိုင်ငံပိုင်သတင်းဌာနများက ဖော်ပြသည်။ 

အမေရိကန်တွင် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင့်ကင်က ရုရှနိုင်ငံထဲ ယူကရိန်းက တိုက်ခိုက်ခြင်းကို တွန်းအားပေးမည် မဟုတ်သကဲ့သို့ ထောက်ကူခြင်းလည်း ပြုမည်မဟုတ်ကြောင်း ပြောသော်လည်း ယူကရိန်းအနေဖြင့် ကိုယ်ပိုင်ကာကွယ်ရေးအတွက် လိုအပ်သောအရာများကို အမေရိကန်က ပေးအပ်သွားရန် စိတ်ပိုင်းဖြတ်ထားကြောင်း ထပ်လောင်းပြောဆိုသည်။ 

အာယာဇန်အရပ်က တိုက်ခိုက်မှုအတွင်း စစ်သား သုံးဦးသေဆုံးကြောင်း ရုရှကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ယခု တိုက်ခိုက်မှုများသည် စစ်ရေးပစ်မှတ်များကို တိုက်ခိုက်ခြင်းဖြစ်သော်လည်း အကြမ်းဖက်ဝါဒအဖြစ် သတ်မှတ်ကာ ရုရှ၏ လေယာဉ်များ ပျက်စီးစေအောင် ရည်ရွယ်သည်ဟု ပြောဆိုခဲ့သည်။ 

ယူကရိန်းကမူ ရုရှနိုင်ငံထဲထိ တိုက်ခိုက်ခြင်းအတွက် တာဝန်ရှိကြောင်း မည်သည့်အခါမှ လူသိရှင်ကြား ဝန်ခံခြင်း မရှိပေ။ ယခု တိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး မေးမြန်းရာတွင် ယူကရိန်း ကာကွယ်ရေးဝန်ကြီး အလက်စကီး ရီဇနီကော့ဗ်က စီးကရက်ကို စည်းမဲ့ကမ်းမဲ့ သောက်သည်ကို အပြစ်ပြောသည့် အချိန်ကြာမြင့်စွာ ရှိလာခဲ့သည့် ဟာသတစ်ခုကို ထပ်ကျော့ပြောဆိုခဲ့သည်။ “ထပ်ကာထပ်ကာ ဆိုသလို ရုရှတွေ ဆေးလိပ်သောက်တဲ့ နေရာတွေက တားမြစ်ထားတဲ့ နေရာတွေချည်းပဲ”ဟု ပြောဆိုခဲ့ခြင်း ဖြစ်သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly