အဖျက်အမှောင့် လုပ်ရန် စီစဉ်သည်ဟု စွပ်စွဲလျက် ဥရောပနှင့် ချိတ်ဆက်သူများကို အီရန် ဖမ်းဆီး 

အဖျက်အမှောင့် လုပ်ရန် စီစဉ်သည်ဟု စွပ်စွဲလျက် ဥရောပနှင့် ချိတ်ဆက်သူများကို အီရန် ဖမ်းဆီး 

ဒီဇင်ဘာလ ၆ ရက်
 

အီရန်နိုင်ငံအတွင်း အဖျက်အမှောင့်များ လုပ်ကိုင်ဆောင်ရွက်ရန် စီစဉ်သည်ဟု စွပ်စွဲထားသော ဥရောပနှင့် ချိတ်ဆက်သည့် အဖွဲ့မှ အဖွဲ့ဝင် ၁၂ ဦးကို အီရန်တော်လှန်ရေးအစောင့်တပ်က ဖမ်းဆီးထားကြောင်း Tasnim သတင်းဌာနက ဖော်ပြသည်။ 

အစ္စလာမ္မစ် အီရန်နိုင်ငံသည် အသေအဆုံးရှိသည့် “ဆူပူအုံကြွမှုများ” ဟု ၎င်းတို့ခေါ်သော ဆန္ဒပြမှုများ ဖြစ်ပွားပေါ်ပေါက်နေသည်မှာ နှစ်ကျော်ကြာမြင့်ပြီဖြစ်ပြီး အမေရိကန်၊ ၎င်း၏ မဟာမိတ်များနှင့် ပြည်ပအခြေစိုက် အတိုက်အခံ အုပ်စုများက လှုံ့ဆော်ပေးနေခြင်းကြောင့် အီရန်က ဆိုထားသည်။ 

ကာဒစ်ရှ်မျိုးနွယ် အီရန်အမျိုးသမီးတစ်ဦးဖြစ်သည့် အသက် ၂၂ နှစ်အရွယ် မာရှာ အမီနီသည် တီဟီရန်၌ ကျင့်ဝတ်ထိန်းသိမ်းရေး ရဲတပ်ဖွဲ့၏ ဖမ်းဆီးခံထားရချိန်၌ သေဆုံးခဲ့ရသည်မှစကာ စက်တင်ဘာလလယ်ကစပြီး လမ်းပေါ် ဆူပူဆန္ဒပြမှုများ ဖြစ်ပွားပေါ်ပေါက်နေခြင်း ဖြစ်သည်။ 

“ပြည်ပနှင့် ချိတ်ဆက်သည့် အဖွဲ့ဝင် ၁၂ ဦးပါ ကွန်ရက်တစ်ခု”ကို ဖမ်းဆီးခဲ့ကြောင်း တီဟီရန် အနောက်တောင်ပိုင်း မာကာဇီပြည်နယ်ရှိ အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ် ထုတ်ပြန်ချက်ကို Tasnim သတင်းဌာနက ကိုးကားဖော်ပြသည်။ 

၎င်းတို့သည် “ဂျာမနီနှင့် နယ်သာလန်တွင် နေထိုင်သော တန်ပြန်တော်လှန်ရေးအေဂျင့်၏ လမ်းညွှန်မှုအောက်” တွင် ရှိနေပြီး “အမျိုးသားလုံခြုံရေးကို ဆန့်ကျင်သော လုပ်ရပ်များ” ကို လုပ်ဆောင်နေခြင်းဖြစ်သည်ဟု စွဲဆိုထားသည်။ 

သူတို့က “လက်နက်များ ရရှိအောင် ကြိုးပမ်းနေကာ အဖျက်လုပ်ငန်းများ ဆောင်ရွက်ရန် ကြံစည်နေခြင်း” ဖြစ်သော်လည်း မလုပ်ဆောင်နိုင်ခင် ဖမ်းဆီးနိုင်ခြင်းဖြစ်သည်ဟု ထပ်လောင်းဖော်ပြထားသည်။ 

“အဓိကရုဏ်း စီမံကိန်းက ပျက်ပြားသွားသည်”ဟု အစောင့်တပ်၏ ထုတ်ပြန်ချက်တွင် အမီနီ သေဆုံးကြောင့် ဖြစ်ပေါ်သော နိုင်ငံအနှံ့ဆန္ဒပြမှုများကို ရည်ညွှန်းကာ ပြောဆိုသည်။ 

သို့ရာတွင် အဖျက်အမှောင့် လုပ်ရပ်များက ဆက်လက်ရှိနိုင်ကြောင်း သတိပေးကာ သစ္စာရှိ ပြည်သူများ၊ အထူးသဖြင့် ဈေးဆိုင်ရှင်များ၊ ကျောင်းသားများနှင့် အလုပ်သမားများအနေဖြင့် နိုးကြားသတိရှိရန် မေတ္တာရပ်ခံထားသည်။ 

အစောင့်တပ်၏ ‘အဓိကရုဏ်း စီမံကိန်း ပျက်ပြားသည်’ ဆိုခြင်းသည် “ကျောင်းသားများနေ့” ကျရောက်သည့် ဗုဒ္ဓဟူးနေ့၌ သုံးရက်တာ သပိတ်မှောက်မှု လှုံ့ဆော်ထားသည်ကို ရည်ညွှန်းပုံ ရှိသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly