ထိုင်းတောင်ပိုင်းတွင် ဗုံးပေါက်ကွဲမှုကြောင့် လူ ၃ ဦး သေဆုံး

ထိုင်းတောင်ပိုင်းတွင် ဗုံးပေါက်ကွဲမှုကြောင့် လူ ၃ ဦး သေဆုံး

ဒီဇင်ဘာလ ၆ ရက်
 

မငြိမ်မသက်ဖြစ်နေသော ထိုင်းတောင်ပိုင်းရှိ လမ်းဘေးနေရာတစ်ခုတွင် ဗုံးပေါက်ကွဲ၍ လူ သုံးဦး သေဆုံးပြီး အခြား လူလေးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၆ ရက်တွင် ပြောသည်။

မလေးရှားနှင့် နယ်စပ်အနီး ထိုင်းတောင်ပိုင်း ဆုန်ခလာပြည်နယ်၌ ပြီးခဲ့သည့် ဒီဇင်ဘာ ၃ ရက်က ဗုံးခွဲတိုက်ခိုက်ခံရ၍ ထိခိုက်ပျက်စီးခဲ့သည့် ရထားလမ်း အပိုင်းနေရာတစ်ခုကို ပြုပြင်ရန် အစိုးရ မီးရထားဝန်ထမ်း ခုနစ်ဦး သွားရောက်ခဲ့စဉ် ယခု ဗုံးကွဲမှုနှင့် ကြုံတွေ့ရခြင်းဖြစ်သည်။

ယခုနောက်ဆုံး ပေါက်ကွဲသည့် ဗုံးကို အစောပိုင်း ပေါက်ကွဲမှုဖြစ်ခဲ့သည့် နေရာမှ မီတာ ၂၀၀ ခန့် အကွာတွင် ဝှက်ထားခဲ့ခြင်း ဖြစ်သည်။

“ဒီ ဗုံးဟာ စနေနေ့ကတည်းက အဲဒီနေရာမှာပဲ ရှိနေခဲ့တယ်လို့ ထင်ပါတယ်” ဟု ရဲမှူးကြီး ချာ့တ်ချိုင်း ချာနာဆစ်က ပြောသည်။ နောက်ထပ် ဖောက်ခွဲရေးပစ္စည်းများကို ရှာမတွေ့ကြောင်း သူက ပြောသည်။

ထိုင်းတောင်ပိုင်းတွင် ၂၀၀၄ ခုနှစ်နောက်ပိုင်း လယ်ဗယ်နိမ့် ပဋိပက္ခတစ်ခုက တငွေ့ငွေ့ လောင်နေခဲ့ပြီး မွတ်စလင် အများစုနေထိုင်ရာ အဆိုပါဒေသ၌ သူပုန်အဖွဲ့များက ခွဲထွက်ရေးအတွက် လက်နက်ကိုင် တိုက်ခိုက်မှုများ လုပ်ဆောင်ထားခဲ့စဉ် လူ ၇,၀၀၀ ကျော် သေဆုံးခဲ့ရသည်။

ထိုင်း လုံခြုံရေးတပ်ဖွဲ့များဖြင့် ထူထပ်စွာ ထိန်းသိမ်းကြပ်မတ်သည့် အဆိုပါတောင်ပိုင်းဧရိယာသည် ဗုဒ္ဓဘာသာဝင် အများစုရှိရာ ထိုင်းနိုင်ငံတွင် ယဉ်ကျေးမှုအရ ကွဲပြားသည်။ထို ဧရိယာကို ထိုင်းနိုင်ငံက လွန်ခဲ့သည့် ရာစုနှစ်တစ်စုအကြာက သိမ်းပိုက်ထိန်းချုပ်ခဲ့ခြင်း ဖြစ်သည်။

ယခု ဗုံးပေါက်ကွဲမှုများ မတိုင်မီ ပြီးခဲ့သည့်လကလည်း အဆိုပါ ထိုင်းတောင်ပိုင်းဒေသတွင် ရဲစခန်းဝင်းအတွင်း ကားဗုံးပေါက်ကွဲမှုကြောင့် လူတစ်ဦး သေဆုံးပြီး လူအများအပြား ထိခိုက်ဒဏ်ရာရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly