မြောက်ကိုရီးယားတွင် တောင်ကိုရီးယားရုပ်ရှင်ဇာတ်လမ်းများ ဖြန့်ဝေသည့် လူငယ် ၂ ဦး ကွပ်မျက်ခံရ

မြောက်ကိုရီးယားတွင် တောင်ကိုရီးယားရုပ်ရှင်ဇာတ်လမ်းများ ဖြန့်ဝေသည့် လူငယ် ၂ ဦး ကွပ်မျက်ခံရ

ဒီဇင်ဘာလ ၆ ရက်
 

မြောက်ကိုရီးယားအာဏာပိုင်တို့သည် နိုင်ငံတွင် တောင်ကိုရီးယားရုပ်ရှင်ဇာတ်ကားများ ကြည့်ရှုမှုနှင့် ဖြန့်ဝေမှုအတွက် ဆယ်ကျော်သက်လူငယ်နှစ်ဦးကို ကွပ်မျက်ခဲ့ကြောင်း ဒီဇင်ဘာ ၂ ရက် သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ကွပ်မျက်ခံရသူများသည် အသက် ၁၆ နှစ်နှင့် ၁၇ နှစ်အရွယ်ရှိ လူငယ်များ ဖြစ်ကြကြောင်း အောက်တိုဘာလအတွင်း လုပ်ဆောင်ခဲ့သည်ဆိုသော ထို ကွပ်မျက်မှုကို မျက်မြင်တွေ့ရှိခဲ့သည့် သတင်းရင်းမြစ်များက ပြောသည်။

မြောက်ကိုရီးယားတွင် တောင်ကိုရီးယား ရုပ်ရှင်ကားများ၊ ဒရာမာဇာတ်လမ်းများ ကြည့်ရှုသူများ သို့မဟုတ် ဖြန့်ဝေသူများနှင့် လူသတ်ခြင်းဖြင့် လူမှုစည်းကမ်းကို ဖောက်ဖျက်သူများကို ခွင့်လွှတ်ပေးမည် မဟုတ်ဘဲ အမြင့်ဆုံး သေဒဏ်ပြစ်ဒဏ် ချမှတ်မည်ဟု အာဏာပိုင်များက ပြောထားကြောင်း ဒေသခံတစ်ဦးက Radio Free Asia ၏ ကိုရီးယားဌာနကို ပြောသည်။

ကွပ်မျက်မှုများ လုပ်ခဲ့သည်ဆိုသည့် ဟေးဆန်းမြို့တွင် အာဏာပိုင်တို့က လူငယ်များကို လူမြင်ကွင်းရှေ့ ခေါ်ထုတ်လာပြီး သေနတ်ဖြင့် ပစ်သတ်ကာ ကွပ်မျက်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ဒေသခံများကိုလည်း အုပ်စုလိုက် စုဝေးစေပြီး ကွပ်မျက်မှုကို ကြည့်ရှုခိုင်းခဲ့ကြောင်း သတင်းရင်းမြစ်က ပြောသည်။

နိုင်ငံခြားမီဒီယာကို ဖြန့်ဝေသူများအနေဖြင့် ပြင်းထန်သော ပြစ်ဒဏ်များနှင့် ရင်ဆိုင်ရလိမ့်မည် ဖြစ်ကြောင်း ကွပ်မျက်မှု မတိုင်မီ သီတင်းပတ်များတွင် အာဏာပိုင်များက သတိပေးထားခဲ့သည်ဟု သိရသည်။

မြောက်ကိုရီးယားတွင် ပြီးခဲ့သည့် ဆယ်စုနှစ်တစ်စုအတွင်း ကေ-ပေါ့ပ် ဗီဒီယိုများ ကြည့်ရှုခြင်း သို့မဟုတ် ဖြန့်ခြင်းအတွက် လူ ခုနစ်ဦးထက်မနည်း ကွပ်မျက်ခံခဲ့ရကြောင်း လူ့အခွင့်အရေးအဖွဲ့တစ်ခုက ပြောသည်။

တောင်ကိုရီးယားမီဒီယာ သို့မဟုတ် အနုပညာကို လက်ဝယ်ထားရှိသည့် မည်သူမဆိုအနေဖြင့် ဖောက်ဖြန်ရေး ဝါဒီ အတွေးအမြင် ဆန့်ကျင်ရေး ဥပဒေသစ်အောက်တွင် အများဆုံး ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံရနိုင်ကြောင်း မြောက်ကိုရီးယား အာဏာပိုင်တို့က အစောပိုင်းတစ်နှစ်က ပြောထားသည်။

၂၀၂၁ ဩဂုတ်လကလည်း တောင်ကိုရီးယားဒရာမာဇာတ်ကားဖြစ်သည့် “Crash Landing on You” ကို ကြည့်ရှုရင်း အဖမ်းခံခဲ့ရသည့် လူငယ်တချို့ ထောင်ဒဏ်ချမှတ်ခံခဲ့ရကြောင်း မြောက်ကိုရီးယား သတင်းများကို အာရုံစိုက်စောင့်ကြည့်သည့် ဆိုးလ်အခြေစိုက် Daily NK သတင်းဌာနက ဖော်ပြသည်။

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly