ရုရှရေနံအပေါ် တစ်စည် ဒေါ်လာ ၆၀ ကန့်သတ်ရန် ဂျီ ၇ သဘောတူ 

ရုရှရေနံအပေါ် တစ်စည် ဒေါ်လာ ၆၀ ကန့်သတ်ရန် ဂျီ ၇ သဘောတူ 

ဒီဇင်ဘာလ ၃ ရက်

ရုရှ၏ ပင်လယ်ရေကြောင်းမှ တင်ပို့သော ရေနံစိမ်းများကို တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၆၀ ဖြင့် ဈေးနှုန်းကန့်သတ်ရန် သဘောတူညီချက် ရကြောင်း ဂျီ ၇ အုပ်စုနှင့် ဩစတြေးလျနိုင်ငံတို့က သောကြာနေ့တွင် ပြောသည်။ 

အီးယူအဖွဲ့ဝင်များအနေဖြင့် ပိုလန်နိုင်ငံ၏ သဘောမတူဘဲ တင်းခံနေမှုကို ကျော်လွှားနိုင်ကာ ယင်းနေ့ အစောပိုင်းတွင် နိုင်ငံရေးသဘောတူညီချက်တစ်ရပ် ရရှိပြီးနောက် ယခုကဲ့သို့ ရုရှရေနံအပေါ် ဈေးနှုန်း ကန့်သတ်နိုင်ခြင်းပဲ ဖြစ်သည်။ 

တင်းခံနေသော ပိုလန်နိုင်ငံက အလျှော့ပေးလာပြီး ယခု စနေ၊ တနင်္ဂနွေတွင် တရားဝင် သဘောတူညီချက်ကို လမ်းဖွင့်ပေးလိုက်သည့်နောက် အီးယူအဖွဲ့က ယခု ဈေးနှုန်းကို အတည်ပြုနိုင်ခြင်းပဲ ဖြစ်သည်။ 

ဒီဇင်ဘာ ၅ ရက် သို့မဟုတ် ယင်းနောက်ပိုင်း မကြာခင်အချိန်၌ ဈေးနှုန်းကန့်သတ်မှုက အသက်ဝင်မည်ဖြစ်ကြောင်း ဂျီ ၇ နှင့် ဩစတြေးလျတို့က ထုတ်ပြန်ချက်တစ်ရပ်၌ ဆိုသည်။ 

ဈေးနှုန်းအပြောင်းအလဲကို ဆုံးဖြတ်ချက်မချမီ အရောင်းအဝယ်ကို ခွင့်ပြုမည့် စည်းဝေးခြင်းအပါအဝင် ဈေးနှုန်းနှင့် ပတ်သက်သော ပြန်လည်စိစစ်ခြင်းများကို လုပ်ဆောင်သွားရန် မျှော်လင့်ကြောင်းလည်း ယင်းနိုင်ငံများက ဆိုသည်။ 

“ဈေးနှုန်းကန့်သတ်မှု ထိထိရောက်ရောက် ဖြစ်ဖို့အတွက် ဈေးနှုန်းကန့်သတ်တဲ့ ညွန့်ပေါင်းအဖွဲ့အနေနဲ့ နောက်ထပ် အရေးယူဆောင်ရွက်မှုတွေကိုလည်း လုပ်ဆောင်သွားဖြစ်ဖို့ ရှိပါတယ်”ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။ နောက်ထပ် အရေးယူဆောင်ရွက်မှုဆိုသည်က မည်သို့ အရေးယူမှုမျိုး ဖြစ်သည်ဆိုခြင်းကိုမူ အသေးစိတ် မဖော်ပြပေ။ 

ဂျီ ၇ ၏ သဘောထားဖြစ်သော ယခု ဈေးနှုန်းကန့်သတ်မှုသည် ရေနံရောင်းချခြင်းမှ ရုရှ၏ ဝင်ငွေကို လျှော့ချရန် ရည်ရွယ်ပြီး ဒီဇင်ဘာ ၅ ရက်တွင် အသက်ဝင်မည့် ရုရှရေနံစိမ်းအပေါ် အီးယူ၏ ကုန်သွယ်ခွင့် ပိတ်ပင်သည့်အခါ ကမ္ဘာ့ရေနံဈေးနှုန်း ထိုးတက်မည်ကို တားဆီးရန် ဖြစ်သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly