ဒေါက်တာအေးမောင်ဦးဆောင်သော(AFP) ပါတီ၏ပြောခွင့်ရသူကို ဖမ်းဆီးထားကြောင်း AA အတည်ပြု

ဒေါက်တာအေးမောင်ဦးဆောင်သော(AFP) ပါတီ၏ပြောခွင့်ရသူကို ဖမ်းဆီးထားကြောင်း AA အတည်ပြု

နိုဝင်ဘာ ၂၉

ဒေါက်တာအေးမောင်ဦးဆောင်သော ရခိုင့်ဦးဆောင်ပါတီ (AFP) ၏ ပြောခွင့်ရသူ ဦးကျော်ဇောဦး ကို ဖမ်းဆီးထားကြောင်း ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခက အတည်ပြုပြောကြားသည်။

နိုဝင်ဘာလ ၂၈ ရက်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သော ရက္ခိုင့်တပ်တော်(AA)၏ သတင်းစာရှင်းလင်းပွဲ တွင် ဦးခိုင်သုခက သတင်းထောက်များကို ပြောကြားခဲ့ခြင်း ဖြစ်သည်။

စစ်မက်ဖြစ်ပွားနေဆဲ တော်လှန်ရေးကာလအတွင်း လူထုကို စိတ်ဝမ်းကွဲပြားစေသော လှုံ့ဆော်မှုများကို ခွင့်ပြုနိုင်မည်မဟုတ်ကြောင်း ဦးခိုင်သုခက ဆိုသည်။

“ကိုကျော်ဇောဦးနဲ့ပတ်သက်ပြီး ဆွေးနွေးစရာတွေနည်းနည်းရှိတဲ့အတွက် ကျွန်တော်တို့ ခေါ်ယူစကား ပြောနေတာရှိပါတယ်၊ ပြောရမယ်ဆိုရင်တော့ ကျန်းကျန်းမာမာ ရှိပါတယ်၊ ဘာမှစိုးရိမ်စရာမရှိပါဘူး” ဟု ဦးခိုင်သုခက ပြောသည်။

ရခိုင့်ဦးဆောင်ပါတီ(AFP)၏ ပြောခွင့်ရသူ ဦးကျော်ဇောဦးကို ဖမ်းဆီးထားမှုအပေါ် ရက္ခိုင့်တပ်တော် (AA) အနေဖြင့်ပြန်သုံးသပ်ပြီး အမြန်ဆုံးလွှတ်ပေးကာ သဘောထားကြီးရန်လိုအပ်ကြောင်း ပါတီဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က မဇ္ဈိမကို ပြောသည်။

“အတွေးအခေါ် မတူရင်တောင် သဘောထားပြည့်ဝဖို့ လိုအပ်ပါမယ်၊ ပြန်သုံးသပ်ဖို့ လိုပါမယ်၊ ဆွေးနွေး ညှိနှိုင်းမယ်၊ အဖြေတစ်ခုရတယ်ဆိုရင်ပြန်လွှတ်ဖို့၊ သူ့ရဲ့ မူလတာဝန်ပေါ့၊ လက်နက်မကိုင်လိုလို့ နိုင်ငံရေး နည်းနဲ့ ရခိုင့်လူ့အဖွဲ့အစည်း၊ မြန်မာ့လူ့အဖွဲ့အစည်းကိုပြောင်းလဲဖို့ ကြိုးပမ်းနေတဲ့ ပုဂ္ဂိုလ်တိုင်းကို အမြင် မတူရင်လည်း ဦးတည်ချက် တူနိုင်တယ်၊ လမ်းမတူဆိုတဲ့ အမြင်နဲ့ လွှတ်ဖို့လိုပါတယ်၊ သဘောထားကြီးဖို့ လိုပါတယ်” ဟု ဒေါက်တာအေးမောင်က ပြောသည်။

ထို့ပြင် ပါတီတွင်း ဆွေးနွေးညှိနှိုင်းပြီး သဘောထား ထုတ်ပြန်သွားမည်ဟုလည်း ဒေါက်တာအေးမောင်က ပြောသည်။

AFP ပါတီ၏ ပြောခွင့်ရသူဖြစ်သကဲ့သို့ ပါတီဒုက္ကဋ္ဌလည်းဖြစ်သော ဦးကျော်ဇောဦးသည် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် စစ်တွေမြို့နယ် အမှတ်(၂) မဲဆန္ဒနယ်မှ တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက် ယှဉ်ပြိုင် အနိုင်ရခဲ့သော လွှတ်တော်အမတ်ဟောင်း တစ်ဦးလည်း ဖြစ်သည်။

၎င်းသည် ယခုနိုဝင်ဘာလ ၂ ရက်နေ့က ရခိုင်ပြည်နယ်၏ စစ်တွေမြို့တွင် ဖမ်းဆီးထိန်းသိမ်း ခံလိုက်ရခြင်း ဖြစ်သည်။

အလားတူ AFP ပါတီ၏အကြံပေးအဖွဲ့ဝင်လည်းဖြစ် လွှတ်တော်အမတ်ဟောင်းလည်းဖြစ်သော ဦးကျော်လွင် သည် အောက်တိုဘာလ ၄ ရက်နေ့က အမည်မသိ လူတစ်စု၏ ဖမ်းဆီးထိန်းမှုကို ခံခဲ့ရပြီး လက်ရှိအချိန်ထိ ပြန်လွတ်လာခြင်း မရှိသေးပေ။

“(ဦးကျော်လွင်) အဲဒီကိစ္စကတော့ ကျွန်တော့်ဆီကို တစ်စုံတစ်ခု ရောက်လာတာ မရှိပါ” ဟု ဦးခိုင်သုခက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဒေါက်တာအေးမောင် ဦးဆောင်သော ရခိုင့်ဦးဆောင်ပါတီ (AFP) ကို ၂၀၁၈ ခုနှစ်အောက်တိုဘာလတွင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။

စာတည်း ။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#ရခိုင့်ဦးဆောင်ပါတီ(AFP)

#ရက္ခိုင့်တပ်တော်(AA)

#ဦးကျော်ဇောဦး

#ဒေါက်တာအေးမောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required