စစ်ကောင်စီတပ်များ ၄ လ ကျော်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် သေ့ဘောဘိုး စခန်းကုန်းနှင့် နေရာတချို့ ကို KNU လက်လွှတ်ခဲ့ရ

By သွင်ထူးဈာန်
29 November 2022
စစ်ကောင်စီတပ်များ ၄ လ ကျော်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် သေ့ဘောဘိုး စခန်းကုန်းနှင့် နေရာတချို့ ကို KNU လက်လွှတ်ခဲ့ရ

နိုဝင်ဘာ ၂၉

မဇ္ဈိမ။ ။ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီ-ဝေါ်လေကားလမ်းမပေါ်ရှိ ကရင်အမျိုးသား အစည်းအရုံး (KNU) ၊ တပ်မဟာ(၆) ထိန်းချုပ်နယ်မြေ သေ့ဘောဘိုးစခန်းကုန်းနှင့် နေရာတချို့ကို နိုဝင်ဘာ ၂၈ ရက်နေ့တွင် KNU ဘက်မှ လက်လွှတ်ခဲ့ရကြောင်း မြေပြင်သတင်း အရင်းအမြစ်များထံကသိရသည်။

စစ်ကောင်စီသည် တပ်မ(၄၄)၊ နည်ဗျူးဟာတပ်ရင်းများ နှင့် ဒုံးတပ်ရင်းများအပြင် လေကြောင်း ပစ်ကူများဖြင့် အင်အားအလုံးအရင်းသုံးကာ သေ့ဘောဘိုးစခန်းကုန်းနှင့် နေရာတချို့ကို လေးလကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်။

“နိုဝင်ဘာ၂၆ရက်နေ့လောက်မှာ ကျွန်မတို့ရွာ(သေ့ဘောဘိုးကျေးရွာ)ထဲကို စစ်ကောင်စီ တပ်သားတွေဝင်လာတယ်။ စခန်းကုန်းပေါ်တော့ မတက်သေးဘူး။ မိုင်းတွေရှိလို့ မိုင်းတွေလိုက်ရှင်းနေကြတယ်။ တိုက်ပွဲဖြစ်လို့ ပြေးနေရတဲ့သူတွေကို ရွာမှာပြန်နေခိုင်း တယ်။ ပြန်တဲ့သူတချို့ရှိပေမယ့် အကုန်မပြန်ရဲကြဘူး။ ဘာလို့လည်းဆိုတော့ သူတို့က ရွာထဲမှာ စခန်းချနေတာလေ။ ကမ်းနားမှာစစ်ရှောင်နေရတဲ့သူတွေကို အတင်းပြန်နေခိုင်း နေတယ်”ဟု သေ့ဘောဘိုးကျေးရွာမှ ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီတပ်သားများသည် ကျေးရွာအတွင်းတွင် စခန်းချနေထိုင်နေသည့်အတွက် ဒေသခံများအနေဖြင့် နေအိမ်ပြန်လည်နေထိုင်ရန် အခက်ခဲများစွာရှိနေကြောင်းသိရသည်။ သေ့ဘောဘိုး စခန်းကုန်းနှင့် ဘလက်ဒိုကျေးရွာ အနီးတပ်စွဲထားသည့် KNLAတပ်ရင်း(၂၇) လက်အောက်ခံ Cobra စစ်ကြောင်းသည် တပ်စွဲထားရာမှ ပြန်လည် နောက်ဆုတ်ပေး လိုက်ကြောင်းသိရသည်။

အဆိုပါအခြေနေနှင့် ပတ်သက်၍ အတည်ပြုနိင်ရန် Cobra စစ်ကြောင်းကို ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိသေးပေ။

“အခု မြဝတီ-ဝေါ်လေကားလမ်းမကို သူတို့(စစ်ကောင်စီ)ဘက် ပြန်ထိန်းချုပ်လို့ရသွားတဲ့ အနေအထားလို့ပြောလို့ရတယ်။ လမ်းက မနေ့တုန်းကတော့ ဖွင့်ပေးတယ်။ ဒီနေ့တော့ ပြန်ပိတ်ထားတယ်လို့ကြားတယ်။ KNUဘက်က ဆုတ်ပေးလိုက်ရတယ်။ ဘာလို့လဲဆို တာတော့ မသိသေးဘူး”ဟု ဒေသခံတဦးက ပြောသည်။

ပြန်လည်နောက်ဆုတ်ပေးခဲ့သည့် စစ်ကောင်စီ၏ သေ့ဘောဘိုးစခန်းကုန်းကို Cobra စစ်ကြောင်းနှင့် Pdf ပူးပေါင်းတပ်ဖွဲ့တို့မှ ၂၀၂၂ ခုနှစ်၊ မေလ ၁၈ ရက်နေ့တွင် စခန်းသိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

ယနေ့ နိုဝင်ဘာ ၂၉ ရက်နေ့ထုတ် စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများတွင် ဖလူး၊ ကျောက်ခက်၊ သေ့ဘောဘိုး၊ ဝေါလေဒေသတဝိုက်နှင့် မြဝတီ-ဝေါလေ ကားလမ်း တစ်လျှောက်ကို ၎င်းတို့၏ စစ်ကောင်စီတပ်များက ပြန်လည် ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ဖော်ပြထားသည်။

စာတည်း။ ။မောင်ကောင်း

#ကရင်ပြည်နယ်

#KNUတပ်မဟာ၆

#Cobraစစ်ကြောင်း

#မြဝတီ-ဝေါလေကားလမ်း

#သေ့ဘောဘိုးစခန်း

#စစ်ကောင်စီတပ်

#ပြန်လည်ထိန်းချုပ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly