ယာယီ အပစ်ရပ်စဲရန် မစ္စတာ ဆာဆာကာဝါ ဝင်ရောက် ညှိနှိုင်းခဲ့ကြောင်း AA ပြော

ယာယီ အပစ်ရပ်စဲရန် မစ္စတာ ဆာဆာကာဝါ ဝင်ရောက် ညှိနှိုင်းခဲ့ကြောင်း AA ပြော

နိုဝင်ဘာ ၂၈

ရခိုင်ဒေသအတွင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးနိုင်ရန် နှစ်ဘက်တပ်များအကြား အလွတ်သဘော ယာယီအပစ်ရပ်စဲရန် ဂျပန် နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါက ကြားဝင်ညှိနှိုင်းပေးခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခက ပြောသည်။

ဂျပန်နိုင်ငံ၏ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်သော မစ္စတာဆာဆာကာဝါက ကြားခံညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း ယနေ့ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ဦးခိုင်သုခက သတင်းထောက်များကို ပြောသည်။

“ကြားခံပုဂ္ဂိုလ်တချို့က ဝင်ရောက်ပြီး ကြိုးစားလုပ်ဆောင်ပေးခဲ့ကြတာ ရှိပါတယ်၊ ပွင့်ပွင့်လင်းလင်းပြောရရင် နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာကာဝါရဲ့ ကြားဝင် စေ့စပ်ညှိနှိုင်းမှုနဲ့ ကျွန်တော်တို့ ဒီကိစ္စ ဖြစ်ပေါ်လာတယ်လို့ ပြောလို့ရပါတယ်” ဟု ဦးခိုင်သုခက ပြောသည်။

နှစ်ဘက်တပ်များ ယာယီအပစ်ရပ်စဲခြင်းသည် လက်ရှိရခိုင်ပြည်သူများ ကြုံနေရသည့် အခက်အခဲအကျပ်အတည်းကြောင့်ဖြစ်ပြီး တခြားနိုင်ငံများ၏ ဖိအားကြောင့် လုံးဝမဟုတ်ကြောင်းလည်း ဦးခိုင်သုခက ဆိုသည်။

ယာယီအပစ်အခတ် ရပ်စဲမှု သဘောတူညီမှုများတွင် နှစ်ဘက်တပ်များ တပ်ပြန်လည်ဆုတ်ခွာခြင်း မရှိသော်လည်း ရောက်ရှိနေသည့် နေရာတွင် အပစ်အခတ်မလုပ်ဘဲ နေထိုင်ရမည်ဖြစ်ကာ အခြားအသေးစိတ် သဘောတူ ညီမှုများကိုမူ ထုတ်ပြောခြင်း မရှိပေ။

ယခု ယာယီအပစ်ရပ်စဲသည့်အပေါ် အခြားမတူသည့်အမြင်များဖြင့် ပြောဆိုဝေဖန်နေကြသူများအနေဖြင့်လည်း မကြာမီ သဘောပေါက်လာလိမ့်မည်ဟု ဦးခိုင်သုခက ဆိုသည်။

“စစ်ပွဲပြင်းထန်နေတဲ့ ကာလမှာ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် လိုအပ်လာရင် အပစ်ရပ်စဲတာကတော့ ရှိကြပါတယ်၊ AA အနေနဲ့ ပြည်သူတွေရဲ့ လတ်တလော ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ ပြည်သူတွေကို ဦးထိပ်ထားပြီး ဒီကိစ္စကို လုပ်တယ်ဆိုတာ ပြောထားပြီးသား ဖြစ်ပါတယ်” ဟု ဦးခိုင်သုခက ပြောသည်။

ရခိုင်ပြည်နယ်တွင် စစ်အေးကာလကို တစ်နှစ်ခွဲခန့် ဖြတ်သန်းပြီးနောက် ၂၀၂၂ ခုနှစ် ဇူလိုင်လမှ စတင်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ် ပလက်ဝဒေသတို့တွင် တစ်ကျော့ပြန် တိုက်ပွဲများ ပြင်းထန်လာခဲ့သည်။

ယင်းနောက် ကုန်ပစ္စည်းများ သယ်ယူခွင့် ကန့်သတ်ခြင်း၊ လမ်းပန်းဆက်သွယ်ရေးများ ဖြတ်တောက်ခြင်း၊ လူသားချင်း စာနာထောက်ထားမှုအကူအညီများ ဝင်ရောက်ခွင့် ပိတ်ပင်ခြင်းနှင့် ဆေးဝါး ဖြတ်တောက်မှုများကို စစ်ကောင်စီတပ်က လုပ်ဆောင်နေ၍ ခက်ခဲကျပ်တည်းနေကြောင်း ဒေသခံများက ပြောသည်။

ထို့ပြင် တိုက်ပွဲနှင့် မဆိုင်သော အရပ်သားများ လက်နက်ကြီးကျည်ထိမှန်၍ သေဆုံးမှုများ၊ လူအစုလိုက်အပြုံလိုက် ဖမ်းဆီးသတ်ဖြတ် ခံရမှုများ၊ လေကြောင်း တိုက်ခိုက်မှုများနှင့် နေအိမ်မီးရှို့ဖျက်ဆီးမှုများကို စစ်ကောင်စီတပ်က ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်မှုများ ရှိနေသည်။

လက်ရှိမှာ အလွတ်သဘော အပစ်ရပ်ထားသော်လည်း နိုင်ငံရေးရပ်တည်ချက် ပြောင်းလဲသွားမည်မဟုတ်ဘဲ စစ်ကောင်စီဘက်က စည်းမစောင့်ပါက အချိန်မရွေးတိုက်ပွဲ ထဖြစ်နိုင်ကြောင်း ဦးခိုင်သုခက ဆိုသည်။

ရခိုင်ပြည်နယ်တွင် နှစ်နှစ်နီးပါးကြာ တိုက်ပွဲပြင်းထန်ပြီးနောက် နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါ၏ ကြားဝင်ညှိနှိုင်းမှုဖြင့် ၂၀၂၀ ခုနှစ် နိုဝင်ဘာ လဆန်းပိုင်းမှစတင်ပြီး စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တော် (AA) တို့အကြား တစ်နှစ်ကျော်ကြာ တိုက်ပွဲများ ရပ်တန့်ခဲ့သည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#ရခိုင်ပြည်နယ်

#ရက္ခိုင့်တပ်တော်AA

#စစ်ကောင်စီတပ်

#အပစ်အခတ်ရပ်စဲခြင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required