ရုရှက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ယူကရိန်း၏ ခါဆန်ဒေသ၌ လူ ၃၂ ဦး သေဆုံး

ရုရှက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ယူကရိန်း၏ ခါဆန်ဒေသ၌ လူ ၃၂ ဦး သေဆုံး

နိုဝင်ဘာလ ၂၇ ရက်
 

ယူကရိန်းနိုင်ငံ ခါဆန်ဒေသတွင် ပြီးခဲ့သည့် သီတင်းပတ်နှစ်ပတ်အကြာက မော်စကို လိုလားသော တပ်ဖွဲ့များ ပြန်လည်ရုပ်သိမ်းထွက်ခွာသွားပြီးနောက်ပိုင်း ရုရှတပ်ဖွဲ့၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် လူ ၃၂ ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း ယူကရိန်းရဲတပ်ဖွဲ့အကြီးအကဲက နိုဝင်ဘာ ၂၆ ရက်တွင် ပြောသည်။

ရုရှတပ်ဖွဲ့များသည် ခါဆန်ကို ကိုးလနီးပါးကြာ ကျူးကျော်သိမ်းပိုက်ထားခဲ့ပြီးနောက် နိုဝင်ဘာ ၁၁ ရက်တွင် ခါဆန်မြို့မှ အပြီးသတ်ရုပ်သိမ်းထွက်ခွာသွားခဲ့ကြသည်။ ၎င်းတို့သည် ယခုအခါ ဒီနစ်ပရိုမြစ်၏ အရှေ့ဘက်ကမ်းတွင် နေရာယူထားပြီး ယင်းနေရာမှနေပြီး ခါဆန်မြို့ကို လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ထားခဲ့သည်။

“ရုရှတွေက နေ့စဉ်နဲ့အမျှ လက်နက်ကြီးတွေနဲ့ ပစ်ပြီး ခါဆန်မြို့ကို ဖျက်ဆီးနေတယ်။ သူတို့ကြောင့် ငြိမ်းချမ်းစွာ ရှိနေတဲ့ ဒေသခံတွေ သေဆုံးနေရတယ်။ ခုဆိုရင် ခါဆန်ဒေသ ပြန်လည်လွတ်မြောက်သွားပြီးနောက် ဒီဒေသမှာ ရုရှတွေရဲ့ ပစ်ခတ်မှုကြောင့် အရပ်သား ၃၂ ဦး သေဆုံးခဲ့ပါပြီ” ဟု အမျိုးသားရဲတပ်ဖွဲ့အကြီးအကဲ အီဟော် ကလိုင်မန်ကိုက ဖေ့ဘွတ်ခ်ပို့စ်တွင် ရေးသည်။

“လူအတော်များများကတော့ နိုင်ငံရဲ့ ပိုမို တည်ငြိမ်တဲ့ ဒေသတွေမှာ သွားရောက်ခိုလှုံဖို့ ရွှေ့ပြောင်းနေပါတယ်။ ဒါပေမယ့် ဒေသခံ အများအပြားကတော့ သူတို့တွေရဲ့ အိမ်တွေမှာပဲ ဆက်ရှိနေပါတယ်။ သူတို့ကို အတတ်နိုင်ဆုံး လုံခြုံရေးပံ့ပိုးပေးနိုင်အောင် လုပ်ပေးဖို့ လိုပါတယ်” ဟု ကလိုင်မန်ကိုက ပြောသည်။ ရဲတပ်ဖွဲ့သည် ဒေသတွင် တစ်ဖန် ပြန်လည် တာဝန်ယူနေကြောင်း ၎င်းက ပြောသည်။

ခါဆန်မြို့တွင် လျှပ်စစ်မီးပြန်ရအောင် လုပ်ထားကြောင်း ယူကရိန်းသမ္မတရုံး အကြီးတန်းလက်ထောက်တစ်ဦးက နိုဝင်ဘာ ၂၆ ရက် အစောပိုင်းတွင် ပြောသည်။

ယူကရိန်းအစိုးရအနေဖြင့် ခါဆန်ဒေသမှ ထွက်ခွာချင်သူများကို မကြာမီ ဘေးလွတ်ရာကို စတင်ရွှေ့ပြောင်းပေးမည် ဖြစ်ကြောင်း ပြီးခဲ့သည့် သီတင်းပတ်က အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly