ဒေသန္တရရွေးကောက်ပွဲ ရှုံးနိမ့်မှုကြောင့် အာဏာရပါတီခေါင်းဆောင်အဖြစ်မှ ထိုင်ဝမ်သမ္မတ နုတ်ထွက်

ဒေသန္တရရွေးကောက်ပွဲ ရှုံးနိမ့်မှုကြောင့် အာဏာရပါတီခေါင်းဆောင်အဖြစ်မှ ထိုင်ဝမ်သမ္မတ နုတ်ထွက်

နိုဝင်ဘာလ ၂၇ ရက်

ထိုင်ဝမ်တွင် နိုဝင်ဘာ ၂၆ ရက်က ကျင်းပသည့် ဒေသန္တရ ရွေးကောက်ပွဲများ၌ အာဏာရ ဒီမိုကရက်တစ် တိုးတက်ရေးပါတီ (DPP) က နေရာအများစုတွင် အရေးနိမ့်ခဲ့သည့်အတွက် သမ္မတ ဆိုင်အင်ဝမ်သည် အာဏာရပါတီခေါင်းဆောင်အဖြစ်မှ နုတ်ထွက်လိုက်သည်။

ယခု ကျင်းပသည့် ထိုင်ဝမ်ဒေသန္တရရွေးကောက်ပွဲများကို တရုတ်၏ ရန်လိုမှုကို မမှုကြောင်း ပြသမည့် ရွေးကောက်ပွဲများအဖြစ် ပုံသွင်းလိုသည့် သမ္မတ ဆိုင်အင်ဝမ်၏ မဟာဗျူဟာက အောင်မြင်မှု မရဘဲ ဖြစ်ခဲ့ရသည်။

မြို့တော်ဝန်များ၊ ကောင်တီအကြီးအကဲများ၊ ဒေသန္တရ ကောင်စီဝင်များကို ရွေးကောက်သည့် ယခု ရွေးကောက်ပွဲများသည် COVID-19 ကပ်ရောဂါနှင့် ရာဇဝတ်မှုများကဲ့သို့ ပြည်တွင်းရေးကိစ္စများနှင့်ပတ်သက်၍သာ သက်ဆိုင်ပြီး အဆိုပါ ရွေးကောက်ခံပုဂ္ဂိုလ်များအနေဖြင့် တရုတ်မူဝါဒနှင့်ပတ်သက်၍ တိုက်ရိုက် ပြောဆိုပိုင်ခွင့် ရှိမည် မဟုတ်ပေ။

သို့သော် ယခု ရွေးကောက်ပွဲသည် ဒေသန္တရ ရွေးကောက်ပွဲတစ်ခုထက်ပိုကြောင်း သမ္မတ ဆိုင်အင်ဝမ်က ပြောပြီး တရုတ်နှင့် စစ်ရေးတင်းမာမှုများ ရှိနေစဉ် ထိုင်ဝမ်အနေဖြင့် ဒီမိုကရေစီကို မည်သို့မည်ပုံ ကာကွယ်သလဲ ဆိုသည်ကို ကမ္ဘာကြီးက စောင့်ကြည့်နေကြောင်း ဆိုင်အင်ဝမ်က ပြောသည်။

အဓိက အတိုက်အခံဖြစ်သည့် ကူမင်တန် ပါတီက မြို့တော် တိုင်ပေအပါအဝင် မြို့တော်ဝန်နှင့် ကောင်တီ အကြီးအကဲ နေရာ ၂၁ နေရာအနက် ၁၃ နေရာကို အနိုင်ရကြောင်းထုတ်ဖော်ခဲ့ပြီး DPP က ငါးနေရာသာ အနိုင်ရခဲ့သည်။

“ဒီရလဒ်တွေကြောင့် မိမိတို့ရဲ့ မျှော်မှန်းချက်တွေ အထမမြောက်ခဲ့ပါဘူး။ မိမိတို့အနေနဲ့ ဒီရလဒ်တွေကို စိတ်ရင်းနဲ့ လက်ခံပါတယ်။ ထိုင်ဝမ်ပြည်သူတွေရဲ့ ဆုံးဖြတ်ချက်ကို မိမိတို့ လက်ခံပါတယ်” ဟု သမ္မတ ဆိုင်အင်ဝမ်က ပါတီဌာနချုပ်တွင် သတင်းထောက်များကို ပြောသည်။

ဆိုင်အင်ဝမ်သည် ပါတီအကြီးအကဲအဖြစ်မှ နုတ်ထွက်သော်လည်း ထိုင်ဝမ်သမ္မတအဖြစ် ၂၀၂၄ ခုနှစ်အထိ ဆက်ရှိနေမည်ဖြစ်သည်။

“ဒီပီပီ ပါတီဟာ အရင်က တစ်ခါမှ မအောင်မြင်ခဲ့ဘူးလို့တော့ မဟုတ်ပါဘူး။ ကျွန်မတို့မှာ စိတ်ပျက်အားလျော့နေဖို့ အချိန်မရှိပါဘူး။ ကျွန်မတို့ လဲကျပေမယ့် ပြန်ထပါမယ်” ဟု ဆိုင်အင်ဝမ်က ပြောသည်။

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly