မြန်မာစစ်တပ် ရေယာဉ်များ ကမ်းကပ်ခွင့် မပြုရန် ကာတာအား Burma Campaign UK တောင်းဆို 

မြန်မာစစ်တပ် ရေယာဉ်များ ကမ်းကပ်ခွင့် မပြုရန် ကာတာအား Burma Campaign UK တောင်းဆို 

နိုဝင်ဘာလ ၂၆ ရက်

လက်ရှိ ကမ္ဘာ့ဖလားပွဲအား အိမ်ရှင်အဖြစ် ကျင်းပနေသည့် ကာတာနိုင်ငံတွင် မြန်မာစစ်တပ်ပိုင် ကုန်တင်သင်္ဘောများအား ဆိပ်ကမ်းများ၌ ကပ်ရောက်ခွင့်ပေးခြင်းအား ရပ်တန့်ရန် ကာတာအစိုးရအား Burma Campaign UK က ယနေ့ တောင်းဆိုသည်။ 

မြန်မာစစ်တပ်ပိုင် ကော်ပိုရေးရှင်းကြီးဖြစ်သော မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီ လီမီတက်ပိုင် ကြယ်ငါးပွင့်သင်္ဘောလိုင်းပိုင် U Thar ကုန်တင်သင်္ဘောသည် လက်ရှိ၌ ကာတာအစိုးရပိုင် Hamad ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားခြင်း ဖြစ်သည်။ 

မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီသည် မြန်မာစစ်တပ်အား ရန်ပုံငွေ ရရှိစေရာတွင် ပါဝင်ပြီး စစ်တပ်ကျူးလွန်သော လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် ရန်ပုံငွေ ဖြည့်ဆည်းပေးခြင်း ရှိ၍ ဗြိတိန်၊ အမေရိကန်၊ ကနေဒါနှင့် အီးယူတို့က ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသည်။ 

ကုလသမဂ္ဂတွင် ကာတာသည် မြန်မာစစ်တပ်ကျူးလွန်သော လူ့အခွင့်အရေး ချိုးဖောက်မှုများ အဆုံးသတ်ရေး တောင်းဆိုသည့် ဆုံးဖြတ်ချက်ကို ထောက်ခံထားသည်။ အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC အဖွဲ့ဝင်နိုင်ငံလည်းဖြစ်သည့် ကာတာသည် နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICJ ၌ မြန်မာအား စွပ်စွဲသည် ရိုဟင်ဂျာများအပေါ် လူမျိုးတုံး သတ်ဖြတ်မှုအမှုကိုလည်း ထောက်ခံထားသည်။ 

“မြန်မာစစ်တပ်ပိုင် သင်္ဘောတွေကို ကာတာဆိပ်ကမ်းတွေမှာ ခွင့်ပြုတာဟာ ကာတာနိုင်ငံအနေနဲ့ ကိုယ်တိုင်ရှုတ်ချထားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မြန်မာစစ်တပ် ကျူးလွန်ရာမှာ ကူညီပေးရာ ရောက်နေပါတယ်”ဟု Burma Campaign UK ၏ ညွှန်ကြားရေးမှူး မတ် ဖာမာနာက ပြောသည်။ 

“မြန်မာစစ်တပ် ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရှုတ်ချပေမယ့် တစ်ချိန်တည်းမှာ စီးပွားရေး တွဲလုပ်နေတယ်ဆိုတာမျိုးက ရှေ့နောက် မညီဘူး၊ ကာတာအနေနဲ့ ဆိပ်ကမ်းတွေကို မြန်မာစစ်တပ် အသုံးပြုတာကို တားမြစ်ရမှာ ဖြစ်တယ်”ဟု ၎င်းက ပြောခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly