ပုလဲ မြို့မရဲစခန်းနှင့် စုပေါင်းရုံးကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့များက တိုက်ခိုက်၊ ၃ ဦးသေဆုံး ဟုဆို

ပုလဲ မြို့မရဲစခန်းနှင့် စုပေါင်းရုံးကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့များက တိုက်ခိုက်၊ ၃ ဦးသေဆုံး ဟုဆို

နိုဝင်ဘာလ ၂၆ ရက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ပုလဲမြို့မ ရဲစခန်းနှင့်စုပေါင်းရုံးကို နိုဝင်ဘာလ ၂၄ရက်နေ့ ညပိုင်းတွင်ဒေသကာ ကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ရာ သုံးဦးခန့် သေဆုံးနိုင်ကြောင်း ကျားသစ်နက်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းက “ ၇နာရီလောက်မှာ တိုက်ပွဲစတယ်၊ အဖွဲ့လေးဖွဲ့ခွဲပြီး မြို့ကိုလက်နက်ကြီးနဲ့ ဝိုင်းထုခဲ့ကြတာ၊ တစ်နာရီလောက် အဲလိုဝိုင်းထုပြီး မြို့တွင်းကို လက်နက်ငယ်တွေနဲ့ ရဲစခန်းရယ် စုပေါင်းရုံးရယ်ကို အနီးကပ် ဝိုင်းခဲ့ကြတယ်၊ ခံစစ်အားကောင်းကောင်းနဲ့ ပြန်ခုခံခဲ့လို့ မစီးနိုင်ခဲ့ဘူး၊ သုံးယောက်ကျတယ်လို့ အတွင်းသတင်းအရ သိရတယ်” ဟု ပြောသည်။

တိုက်ခိုက်ရာတွင် ၈၀ မမ၊ ၆၀ မမ လက်နက်ကြီးများဖြင့်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်မှုများ ရှိခဲ့သော်လည်း ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

ယခုတိုက်ခိုက်မှုကို ကျားသစ်နက်တပ်မတော်(B.L.P.A) ယင်းမာပင်ခရိုင်တပ်ရင်း(၁၁)၊ ယင်းမာပင်ခရိုင် တပ်ရင်း(၁၂)၊ တွေ့ရာသင်္ချိုင်းဓားမဆိုင်းတပ်ဖွဲ့၊ ယင်းမာပင်ခရိုင်တပ်ရင်း(၂၈) ဒေါင်းနက်နယ်စည်းမခြား ပြောက်ကျားတပ်ဖွဲ့၊ ယင်းမာပင်ခရိုင်တပ်ရင်း(၁၀)၊ ဗမာ့ဒေါင်းပြောက်ကျားတပ်ဖွဲ့ ၊ အညာဒေါင်းပြောက်ကျားတပ်ဖွဲ့ ၊T.K.G.F ပြောက်ကျားတပ်ဖွဲ့၊ နဂါးနီပြောက်ကျားတပ်ဖွဲ့၊ အညာမြေပြောက်ကျားတပ်ဖွဲ့၊ ရွှေဟင်္သာပြောက်ကျားတပ်ဖွဲ့ ၊ M.P.L အလယ်မြေပြောက်ကျားတပ်ဖွဲ့ ၊တမာမြေပြောက်ကျားတပ်ဖွဲ့၊ M.R.Gပြောက်ကျားတပ်ဖွဲ့ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly