NLD ကို မဲပေးရေးထက် မဲပေးခွင့်ရရှိရေးက အဓိကကျဟု ဒေါ်အောင်ဆန်းစုကြည်ပြော

NLD ကို မဲပေးရေးထက် မဲပေးခွင့်ရရှိရေးက အဓိကကျဟု ဒေါ်အောင်ဆန်းစုကြည်ပြော
ဇွန် ၁၉ရက်က ပြည်သူ့လွှတ်တော်အစည်းအဝေးသို့တက်ရောက်လာသည့် ဝါရင့်အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ- စိုးသန်းလင်း၊ မဇ္ဈိမ)

နေပြည်တော်၊ ဇွန် ၂၉ ။     ။ လာမည့် အထွေထွေရွေးကောက်ပွဲတွင် မည်သည့်နိုင်ငံရေးပါတီကို မဲပေးသည်ဖြစ်စေ မဲပေးခွင့်ရှိ သူအားလုံး လွတ်လပ်စွာမဲပေးခွင့်ရရှိရေးက အဓိကကျသည်ဟု  အတိုက်အခံ ခေါင်းဆောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဇွန် ၂၉ရက်က ပြည်သူ့လွှတ်တော် အစည်းအဝေးမစခင် သတင်းထောက်များကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က  “ကိုယ့်ပါတီကိုတော့ မဲပေးစေချင်တာပေါ့။ ဒါကတော့ ဗြောင်ပြော လို့ရပါတယ်။ ဒါပေမယ့် မဲစာရင်း ထဲမှာပါဖို့က အဓိက” ဟု ပြောသည်။

 ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသော မဲပေးခွင့်ရှိသူ အခြေခံမဲစာရင်းတွင် မှားယွင်းမှု၊ လွဲချော်မှုများ စွာ ဖြစ်ပေါ်နေချိန်နှင့်တိုက်ဆိုင်စွာပင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ခြင်းဖြစ်သည်။

 ပြီးခဲ့သည့်နှစ်ရက်ကလည်း နေပြည်တော်ပုဗ္ဗသီရိမြို့နယ်ရှိ ကျည်တောင်ကန်ရပ်ကွက်(၂)အတွင်းရှိ အိမ်ထောင်စု ၂၄ စု သို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တစ်အိမ်တက်/ဆင်းကာ မဲစာရင်း စိစစ်ခဲ့သေးသည်။

ဒေါ်အောင်ဆန်းစုကြည်က “လက်တွေ့ဆင်းတဲ့အခါ သွားတဲ့အိမ်တော်တော်များများမှာ မဲစာရင်းတွေ စစ်ပြီးတဲ့လူတွေတောင်မှ မှားလို့ပြန် ပြင်ရတာရှိတယ်။ ဥပမာဆိုရင် မှတ်ပုံတင်နံပါတ်မှား လို့ပြန်ပြင်ရတယ်။ တစ်ချို့တွေကတော့မကြည့်ရသေးဘူး။ တစ်ချို့ကလည်းမပါဘူး။ တစ်ယောက် နှစ်ယောက်ဆိုရင် မှတ်ပုံတင်ပျောက်တယ်” ဟု ပြောသည်။

၂၀၁၅အထွေထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလဆန်းတွင် ကျင်းပမည်ဟု အစိုးရထုတ် နိုင်ငံပိုင် သတင်းစာများ တွင် ဖော်ပြချက်အရ ရွေးကောက်ပွဲကျင်းပရန် ရက်ပေါင်း တစ်ရာကျော်သာ လိုတော့သည်။ သို့သော် မဲစာရင်းမှားယွင်းမှုများ မှာ နိုင်ငံအဝှမ်းဖြစ်ပေါ်လျက်ရှိသည်။

လွှတ်တော်တွင် သတင်းရယူနေသည့် သတင်းထောက်တစ်ဦးက  “သေသွားတဲ့ ကျွန်တော်အဖိုးနဲ့ လေးတန်းတက်နေတဲ့ ကျွန်တော်ညီလေးက မဲစာရင်းထဲမှာပါပြီးတော့ ကျွန်တော်ကျတော့ စာရင်းထဲမပါဘူးဗျာ” ဟု ပြောသည်။  

ယခုထုတ်ပြန်နေသည့် မဲစာရင်းများတွင် မိမိနာမည်မပါရှိပါက ရွေးကောက်ပွဲ နည်းဥပဒေ (၉) ပါ မဲစာရင်းထည့်သွင်းပေး ရန် တောင်းဆိုလွှာ ပုံစံ (၃)ဖြင့် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ကော်မရှင်ရုံး တွင် လျောက်ထားရမည်ဖြစ်သည်။ အဆိုပါ တောင်းဆိုလွှာကို သက်ဆိုင်ရာ ကော်မရှင်ရုံးများတွင် ထုတ်ယူနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly