ဒေါက်တာသက်သက်ခိုင် ပါဝင်သော အခမ်းအနားသို့ တော်လှန်ရေးရဲဘော်များ ဝင်ရောက်ဆန္ဒပြ

ဒေါက်တာသက်သက်ခိုင် ပါဝင်သော အခမ်းအနားသို့ တော်လှန်ရေးရဲဘော်များ ဝင်ရောက်ဆန္ဒပြ

နိုဝင်ဘာ ၂၅

မဇ္ဈိမ။ ။ စစ်ကောင်စီက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားကို ယနေ့ နိုဝင်ဘာလ ၂၅ရက် နံနက် ၁၀ နာရီက ကျင်းပခဲ့ရာ တော်လှန်ရေးအဖွဲ့တစ်ခုက အဆိုပါအခမ်းအနားသို့ အွန်လိုင်းမှ တစ်ဆင့် ဝင်ရောက်ဆန္ဒပြခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားတွင် စစ်ကောင်စီ၏ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်ကာ မိန့်ခွန်းပြောကြားခဲ့သည်။

တော်လှန်ရေးရဲဘော်များသည် စစ်ကောင်စီ၏ Zoom ဖြင့် ကျင်းပသည့် အစည်းအဝေးသို့ ဝင်ရောက်ကာ ဆန္ဒပြခဲ့ခြင်း ဖြစ်ပြီး အဆိုပါအခမ်းအနားသည် လူကိုယ်တိုင်နှင့် online မှတက်ရောက်ခြင်း ပုံစံနှစ်မျိုးပေါင်းလုပ်ထားသည့် (Hybrid) ပုံစံအခမ်းအနားဖြစ်သည်။

စစ်ကောင်စီ၏ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားတွင် တော်လှန်ရေးရဲဘော်များက “လုံးဝအုပ်ချုပ်ခွင့်မရစေရ” ၊ “မုဒိမ်းစစ်တပ်အမြစ်ဖြတ်” စာသားနှစ်ခုပါသည့် Zoom နောက်ခံပုံများ ပြောင်းကာ ပြသခဲ့ကြသည်။

တော်လှန်ရေးရဲဘော်များအနေဖြင့် စစ်ကောင်စီ၏ လူကယ်ပြန်ဌာနတွင်ရှိနေသည့် တော်လှန်ရေး ဘက်တော်သားများ၏ ကူညီမှုဖြင့် အခမ်းအနားအတွင်းသို့ ဝင်ရောက် နိုင်ခဲ့ခြင်းဖြစ်ပြီး ငါးမိနစ်ကြာ ဆန္ဒပြနိုင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏ အခမ်းအနားတွင် စစ်ကောင်စီဆန့်ကျင်ရေး ဗီဒီယိုဖွင့်ပြခြင်း၊ အသံဖြင့် ဆန္ဒထုတ်ဖော်ခြင်းများပြုလုပ်ရန် ရည်ရွယ်ထားသော်လည်း Zoom Setting တွင် အဆိုပါလုပ်ဆောင်ချက်များကို ပိတ်ထားသည့်အတွက်စစ်ကောင်စီ ဆန့်ကျင်ရေး နောက်ခံပုံ ပြောင်းခြင်းဖြင့်သာ ဆန္ဒထုတ်ဖော်နိုင်ခဲ့သည်ဟု တော်လှန်ရေးရဲဘော် များက ဆိုသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#စစ်ကောင်စီဝန်ကြီး

#ဒေါက်တာသက်သက်ခိုင်

#ဆန္ဒပြ

#တော်လှန်ရေးရဲဘော်များ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required