လူ ၂၀၀ ကျော် သေဆုံးသည့် အင်ဒိုနီးရှားငလျင်အပြီး ရှင်ကျန်ရစ်သူများက အကူအညီ တောင်းခံ 

လူ ၂၀၀ ကျော် သေဆုံးသည့် အင်ဒိုနီးရှားငလျင်အပြီး ရှင်ကျန်ရစ်သူများက အကူအညီ တောင်းခံ 

နိုဝင်ဘာလ ၂၃ ရက်

လူပေါင်း ၂၆၈ ဦး သေဆုံးခဲ့သည့် အင်ဒိုနီးရှား ငလျင်တွင် အသက်ရှင်လွတ်မြောက်သူများက အစားအစာနှင့် ရေအတွက် တောင်းခံနေပြီး ကယ်ဆယ်ရေးသမားများသည်လည်း ပျက်စီးခဲ့သည့် ကျေးရွာများ၌ အသက်ရှင်သူ တွေ့လိုတွေ့ငြား မျှော်လင့်ချက်ဖြင့် ရှာဖွေကယ်ဆယ်ရေးများ ဆောင်ရွက်နေသည်။ 

အနောက်ဂျာဗားကျွန်း စီယန်ဂျာမြို့အနီး လှုပ်သွားသည့် အားပြင်းငလျင်ကြောင့် ဖြစ်ပေါ်သော မြေပြိုမှုများကို ရှင်းလင်းရန် လိုအပ်ကြောင်း၊ ခြိမ်းခြောက်နေသည့် ဒုတိယမြောက် သဘာဝဘေးအဖြစ် လာမည့် သီတင်းပတ်များအတွင်း မိုးသည်းထန်စွာ ရွာသွန်းမည် ခန့်မှန်းရကြောင်း သတိပေးထားစဉ် ယခုကဲ့သို့ အကူအညီ တောင်းခံမှုများ ရှိလာခြင်းလည်း ဖြစ်သည်။ 

ငလျင်ကြောင့် နေအိမ်များ ပျက်စီးသွားခဲ့ရသည့် နှစ်ရက်မြောက်နေ့တွင်လည်း ဒေသခံများသည် မိသားစုဓာတ်ပုံများ၊ ဘာသာရေးစာအုပ်များနှင့် လက်ထပ်စာချုပ်များ အပါအဝင် တန်ဖိုးထားသည့် ပိုင်ဆိုင်မှုများကို ပြန်လည်ရရှိရေးအတွက် ရှာဖွေနေကြသည်။ 

“တချို့ အကူအညီတွေ ရောက်လာပေမယ့် လုံလောက်မှု မရှိဘူး၊ ကျွန်မတို့ ဆန်တွေ၊ အသင့်စား ခေါက်ဆွဲထုပ်တွေ၊ ဆိုဒါတွေ ရပါတယ်၊ ဒါပေမဲ့ မလုံလောက်ကြပါဘူး”ဟု ဂါဆိုကျေးရွာနေ အသက် ၂၃ နှစ်ရှိ မူစတာဖာက အေအက်ဖ်ပီသို့ ပြောသည်။ 

“ကျွန်မတို့မှာ အဝတ်အစားတွေလည်း မရှိဘူး၊ လဲစရာတောင် မရှိဘူး၊ ဒါကြောင့် အဝတ်အစားတွေ တွေ့မလားဆိုပြီး အပျက်အစီးတွေကြား ရှာဖွေနေရတယ်”ဟု ၎င်းက ဆိုသည်။ 

ငလျင်ကြောင့် လူပေါင်း ၅၈,၀၀၀ ကျော်ထက်မနည်း နေရပ်ရွှေ့ပြောင်းရပြီး ဒဏ်ရာရသူ ၁၀၀၀ ကျော်ထက်မနည်းရှိကာ လူ ၁၅၁ ဦးက ပျောက်ဆုံးလျက် ရှိသည်။ သေဆုံးသူ၏ ထက်ဝက်ကျော်ကို မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားရေဆဲ ဖြစ်သည်ဟု အမျိုးသား သဘာဝဘေး လျော့ပါးသက်သာရေး အေဂျင်စီ BNPB က အင်္ဂါနေ့တွင် ပြောသည်။ 

နေရပ်ရွှေ့ပြောင်းရသူများအတွက် အစိုးရက ရွက်ဖျင်တဲများနှင့် အခြား အထောက်အပံ့များ စီယန်ဂျာမြို့သို့ ပေးပို့ထားပြီး ကယ်ဆယ်ရေးနှင့် ကူညီရေး လုပ်ငန်းများအတွက် စစ်တပ်ကလည်း စစ်သား ၁၂,၀၀၀ ကို ဗုဒ္ဓဟူးနေ့၌ စေလွှတ်ထားကြောင်း တာဝန်ရှိသူများက ပြောသည်။ 

“ဒုက္ခသည်တွေအတွက် အခြေခံ အသက်ရှင်ရပ်တည်ရေး လိုအပ်ချက်တွေကို အာမခံပေးနိုင်ရမှာ ဖြစ်တယ်၊ ရေ၊ အစားအစာ စသဖြင့် ကူညီပံ့ပိုးပေးရမှာ ဖြစ်တယ်”ဟု BNPB ဥက္ကဋ္ဌ ဆူဟာယန်တိုက ဗုဒ္ဓဟူးနေ့တွင် ပြောခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly