IKACC မှ ပလက်ဝမြို့နယ်ရှိ တော်လှန်ရေးအင်အားစုများအား ထောက်ပံ့နိုင်ရေး Project Kimo သိန်း ၅,၀၀၀ ကမ်ပိန်းပြုလုပ်

By ကိုခင်မောင်
23 November 2022
IKACC မှ ပလက်ဝမြို့နယ်ရှိ တော်လှန်ရေးအင်အားစုများအား ထောက်ပံ့နိုင်ရေး Project Kimo သိန်း ၅,၀၀၀ ကမ်ပိန်းပြုလုပ်

နိုဝင်ဘာ ၂၃

မဇ္ဈိမ။ ။ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ်ရှိ တော်လှန်ရေးအင်အားစုများအား ကူညီထောက်ပံ့နိုင်ရေး Project Kimo သိန်း ၅,၀၀၀ ကမ်ပိန်းအား ပလက်ဝမြို့နယ်၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ကြားကာလ ခူမီး(ချင်း)မျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ(IKACC)မှ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

Project Kimo သည် ပလက်ဝဒေသရှိ CDF - Paletwaက နယ်မြေစိုးမိုးထိန်းချုပ်ထားနိုင်ပြီး ၎င်း၏ကာကွယ်မှုအောက်မှတစ်ဆင့် ပလက်ဝ မြို့နယ်မှပြည်သူများ၊ စစ်ဘေးရှောင် ပြည်သူတွေအတွက် အစားအသောက်၊ ပညာရေး၊ ကျန်းမာရေးနှင့် မိမိတို့ကိုယ်တိုင်ဦးဆောင်သည့် ရေရှည်ရပ်တည်သွားနိုင်ရေး ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်ပြီးအကောင်အထည်ဖေါ်ဆောင်ခြင်းဖြစ်သည်ဟု ၎င်းအဖွဲ့ တာဝန်ရှိသူက ဆိုသည်။

ယခုပြုလုပ်လျက်ရှိသည့် Project Kimo၏ အလှူငွေထည့်ဝင်မှုသည် Raffle ticket မဟုတ်ဘဲ Donation ပုံစံဖြစ်သည်နှင့်အညီ အလှူရှင်များ၏ မတ္တာစေတနာကို ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် အလှူငွေ USD ၂၀ နှင့်အထက်လှူဒါန်းသူများအတွက် ကံစမ်းမဲ အစီအစဉ်လည်း စီစဉ်ထားကြောင်း သိရသည်။

“Projectကို နိုဝင်ဘာလ ၁၁ရက်နေ့ စတင်၍ ကာလအားဖြင့် တစ်လCampaing သိန်း(၅,၀၀၀)သတ်မှတ်ထားသော်လည်း မှန်းထားပမာဏ ပြည့်မီမှုမရှိသေးရင် ကံစမ်းမဲဖောက်ရက် နောက်ကျသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။ ဒါကြောင့် တစ်လCampaingတွင် ပြည်တွင်းပြည်ပ တိုင်းရင်းသားညီအစ်ကိုများအားလုံး သတ်မှတ်ချက် သိန်း(၅,၀၀၀)ပြည့်မီနိုင်အောင် အားဖြည့်ကူညီပေးကြပါရန် တိုက်တွန်းနှိုးဆော်ချင်ပါတယ်ခင်ဗျာ။” ဟု အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

ကံစမ်းမဲ အစီအစဉ်တွင် ပထမဆုံးဆုအနေဖြင့် စီးဆင်းနေသည့် ကုလားတန်မြစ်ကို စီးမိုးပြီး မြင်နေရသည့် တောင်ပေါ်ဒေသက မြေကွက် တစ်ကွက်၊ ဒုတိယဆုကလည်း စီးပွားရေးအချက်အချာကျသည့် နေရာရှိ မြေကွက်တစ်ကွက် နှင့် တတိယဆုကိုမူ ပလက်ဝ ခူမီးချင်းရိုးရာဝတ်စုံ ငါးစုံ စသဖြင့် စီစဉ်ထားကြောင်း သိရသည်။

ပလက်ဝမြို့နယ်တွင် အာဏာမသိမ်းခင်အထိ စစ်ရှောင်ဦးရေ တစ်သောင်းကျော်ရှိပြီး၊ အာဏာသိမ်းပြီးနောက်ပိုင်းတွင် အိန္ဒိယနိုင်ငံဘက် ခိုလှုံနေရသည့် စစ်ရှောင် တစ်သောင်းကျော်ရှိကြောင်း နှင့် စစ်ရှောင်စခန်းအနေဖြင့် ၃၅ ခုကျော်ခန့်ရှိသည်ဟု စစ်ဘေးရှောင်အခြေအနေများအား Project Kimo အဖွဲ့တာဝန်ရှိသူတစ်ဦးမှ ရှင်းပြသည်။

ထို့အပြင် စစ်ဘေးရှောင်ကလေးများအတွက် ပညာရေးကဏ္ဍမှ တာဝန်ယူပြီး မပြည်စုံသော်လည်း စာသင်ကျောင်းများပြုလုပ်ပေးပြီး စာသင်ကြားပေးခြင်းများ လုပ်ပေးထားသည့်အပြင် ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက်လည်း ကျန်းမာရေးကဏ္ဍမှ တာဝန်ယူပြီး အတတ်နိုင်ဆုံး ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနေဆဲဖြစ်ကြောင်း သိရသည်။

“စစ်ဘေးရှောင်တွေရဲ့ အခက်အခဲကတော့ ဆောင်းတွင်းကာလ ရောက်လာတာနဲ့ အနွေးထည်၊ စောင်၊ ခြင်ထောင်၊ နေရာထိုင်ခင်း၊ စာရေးသောက်ရေး ၊ ငွေကြေးစသည့်တို့ လိုအပ်နေပါတယ်။ ဒါတွေကိုလည်း သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှလည်း ငွေကြေးအခက်အခဲရှိတော့ အဆင်ပြေအောင် မဆောင်ရွက်ပေးနိုင်တာ ဖြစ်နေပါတယ်ခင်ဗျာ။” ဟု အဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။

ထို့ကြောင့် ပလက်ဝနယ်မြေရှိ တော်လှန်ရေးအင်အားစုများ၊ စစ်ဘေးရှောင်ဒေသခံပြည်သူများအား အားဖြည့်နိုင်ရန် https://www.facebook.com/profile.php?id=100083261084988 ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

ကြားကာလ ခူမီး(ချင်း)မျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီ(IKACC)တွင် ပြည်သူ့အုပ်ချုပ်ရေးကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍ၊ ပြည်သူ့ဝန်ဆောင်မှုကဏ္ဍ(ကျန်းမာရေး၊ ပညာရေး၊ IDPs)စသည်တို့ ရှိပြီး IKACCနဲ့အတူ ပံ့ပိုးကူညီပေးသည့် ပြည်သူ့ဂုဏ်ရည်အဖွဲ့နှင့် Global Fundraiserများရှိသည်ဟု ၎င်းတာဝန်ရှိသူက ဆိုသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#ပြည်သူ့ဂုဏ်ရည်အဖွဲ့

#ပလက်ဝမြို့နယ်

#နိုင်ငံရေးဦးဆောင်အဖွဲ့

#IKACC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly