မလေးရှား၌ ရွေးကောက်ပွဲအလွန် အကျပ်အတည်းအတွင်း ဝန်ကြီးချုပ်ကို ဘုရင်က ရွေးချယ်သွားမည်

မလေးရှား၌ ရွေးကောက်ပွဲအလွန် အကျပ်အတည်းအတွင်း ဝန်ကြီးချုပ်ကို ဘုရင်က ရွေးချယ်သွားမည်

နိုဝင်ဘာလ ၂၂ ရက်
 

မလေးရှားနိုင်ငံတွင် ရွေးကောက်ပွဲများအပြီး ဝန်ကြီးချုပ်သစ် မည်သူဖြစ်မည်လဲ ဆိုသည်ကို ဘုရင် အယ်လ်-ဆူတန် အဗ္ဗဒူလာက မကြာခင် ရွေးချယ်သွားမည် ဖြစ်ကြောင်း ဘုရင့်နန်းတော်ကို ကိုးကားပြီး နိုင်ငံပိုင် Bernama သတင်းအေဂျင်စီက နိုဝင်ဘာ ၂၂ ရက်တွင် ဖော်ပြသည်။

ဘုရင်၏ ဆုံးဖြတ်ချက် မည်သည့်အချိန်တွင် ထွက်ပေါ်လာမည်လဲ ဆိုသည်ကို ယင်းက အသေးစိတ် မဖော်ပြပေ။

မလေးရှားအစိုးရသစ်တစ်ရပ် ဖွဲ့ရာတွင် အတိုက်အခံ ခေါင်းဆောင် အန်ဝါ အီဘရာဟင် သို့မဟုတ် သူ၏ ပြိုင်ဘက် ဝန်ကြီးချုပ်ဟောင်း မူဟစ်ဒင် ယက်ဆင် တို့အနက် မည်သူ့ကိုမှ ထောက်ခံမည် မဟုတ်ကြောင်း လက်ရှိအာဏာရ Barisan မဟာမိတ်အုပ်စုက ပြောကြားလိုက်သည့်အတွက် ပြတ်သားသည့် အဖြေမပေါ်ခဲ့သော ရွေးကောက်ပွဲတစ်ရပ်မှ ထွက်ပေါ်နေသော နိုင်ငံရေးအကျပ်အတည်းကို ပိုမိုနက်ရှိုင်းစေခဲ့ပြီးနောက် ယခု ဘုရင့်နန်းတော်၏ ကြေညာချက် ထွက်လာခြင်းဖြစ်သည်။

Barisan အမျိုးသား မဟာမိတ်အစုအဖွဲ့၏ ထောက်ခံမှု မရဘဲ မည်သည့် ကိုယ်စားလှယ်အစုအဖွဲ့ကမှ အစိုးရဖွဲ့ရန် လိုအပ်သည့် အမတ်နေရာအများစုကို ရောက်ရှိနိုင်မည် မဟုတ်ပေ။

အစိုးရဖွဲ့နိုင်သည့် အမတ်နေရာအများစုအတွက် လိုအပ်သော ညွန့်ပေါင်းအုပ်စုများ ဖွဲ့စည်းခြင်းနှင့်ပတ်သက်ပြီး နိုဝင်ဘာ ၂၂ ရက် မွန်းလွဲ ၂ နာရီနောက်ဆုံးထား တင်သွင်းရန် မလေးရှားဘုရင်က နိုင်ငံရေးပါတီများကို အချိန်သတ်မှတ်ပေးထားခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၉ ရက်ရွေးကောက်ပွဲတွင် မည်သည့် နိုင်ငံရေးအစုအဖွဲ့ကမှ ၎င်းတို့ဘာသာ အစိုးရဖွဲ့နိုင်သည်အထိ အမတ်နေရာအများစုကို ပြတ်ပြတ်သားသား အနိုင်ရခဲ့ခြင်း မရှိပေ။

ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း ဝန်ကြီးချုပ် သုံးဦးအထိ အပြောင်းအလဲဖြစ်ခဲ့သည့် အဆိုပါ အရှေ့တောင်အာရှ နိုင်ငံတွင် ရွေးကောက်ပွဲနှင့် နောက်ဆက်တွဲ ဝရုန်းသုန်းကား အခြေအနေက နိုင်ငံရေး မတည်မငြိမ်ဖြစ်မှုကို အချိန်ပိုရှည်စေသလို စီးပွားရေး ပြန်လည်နာလန်ထူထောင်စေနိုင်ရေး လှုံ့ဆော်နှိုးဆွရန် လိုအပ်သည့် မူဝါဒ ဆုံးဖြတ်ချက်များနှင့်ပတ်သက်၍လည်း နှောင့်နှေးကြန့်ကြာမှုများကို ဖြစ်စေနိုင်သည်။

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly