စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသား ဦးရေ ၄၀၀ ကျော်ကိုလွတ်ပေးခဲ့ဟု AAPP အတည်ပြု

စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသား ဦးရေ ၄၀၀ ကျော်ကိုလွတ်ပေးခဲ့ဟု AAPP အတည်ပြု

နိုဝင်ဘာ ၂၂

မဇ္ဈိမ။ ။စစ်ကောင်စီက အကျဉ်းသား ၅,၇၇၄ ဦးကိုလွတ်ပေးခဲ့ရာ နိုင်ငံရေးအကျဉ်းသား ဦးရေ ၄၀၀ ကျော် ပါဝင်ခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က နိုဝင်ဘာ ၂၁ ရက်တွင် အတည်ပြုထုတ်ပြန်သည်။

မြန်မာတစ်နိုင်ငံလုံးတွင် အကျဉ်းထောင် ၅၀ ကျော်ရှိသည့်အနက် ၁၉ ခုမှ နိုင်ငံရေးအကျဉ်းသား ၄၀၂ ဦးကို နိုဝင်ဘာ ၁၇ ရက်တွင်ပြန်လွတ်ပေးခဲ့ခြင်းဖြစ်သည်။ အခြား ပြန်လွတ်လာသူအများစုမှာ ရာဇဝတ်မှုဖြင့် ကျခံနေရသူများဟု သိရသည်။

ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများစာရင်းကို စစ်ကောင်စီမှ ပွင့်လင်းမြင်သာစွာ ကြေညာခဲ့ခြင်းမရှိသည့်အတွက် နိုဝင်ဘာ ၂၁ ရက် မွန်းလွဲ ၃ နာရီအချိန်အထိ နိုင်ငံရေးအကျဉ်းသား ၁၆၁ ဦးကိုသာ AAPP မှ အမည်နှင့်တကွ မှတ်တမ်းပြုထားနိုင်ဆဲ ဖြစ်သည်။

ထို့ကြောင့် အကျဉ်းထောင်အသီးသီးမှ ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများ၏ စာရင်းကို ဆက်လက်စုံစမ်းနေဆဲဟု သိရသည်။

လွတ်မြောက်လာသည့်နိုင်ငံရေး အကျဉ်းသား စာရင်းများအား AAPP သို့ ပေးပို့ပေးရန်ကြရန်နှင့် ထပ်မံရရှိလာသော အချက်အလက်များကိုလည်း ဆက်လက်ထုတ်ပြန်ပေးသွားမည်ဟု ရေးသားထားသည်။

“ စစ်ကောင်စီဟာ နိုင်ငံရေးထွက်ပေါက်တစ်ခုအနေနဲ့ လာမယ့်နှစ်မှာ ကျင်းပမယ်လို့ ပြောဆိုထားတဲ့ ရွေးကောက်ပွဲကို လူထုအာရုံစိုက်လာအောင် နိုင်ငံရေးအကျဉ်းသား တွေကို နိုင်ငံရေးလက်နက် တစ်ခုအဖြစ် အသုံးချဖို့ရည်ရွယ်ပြီးပြုလုပ်တဲ့ လုပ်ဆောင်မှုသာဖြစ်တယ်” ဟု AAPP က ဆိုထားသည်။

ပြန်လည်လွတ်မြောက်လာသူများတွင် လူသိများသူများဖြစ်ကြသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့် ၊ ပါတီဥပဒေအကြံပေး ဦးကျော်ဟိုးအပါအဝင် ရွှေညဝါဆရာတော်၊ စာရေးဆရာမောင်သာချို၊ (၈၈) မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေးနှင့် အခြားသူတချို့ပါဝင်ခဲ့သည်။

စာတည်း ။ ။ စိုးသူအောင်

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#အကျဉ်းထောင်

#နိုင်ငံရေးအကျဉ်းသား

#စစ်ကောင်စီ

#AAPP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required