အင်းစိန်ထောင်တွင်း နိုင်ငံရေးအမှုများအား ယခုနှစ်မကုန်ခင် အပြီးစစ်ဆေးရန် ဖိအားပေးလုပ်ဆောင်နေ

အင်းစိန်ထောင်တွင်း နိုင်ငံရေးအမှုများအား ယခုနှစ်မကုန်ခင် အပြီးစစ်ဆေးရန် ဖိအားပေးလုပ်ဆောင်နေ

နိုဝင်ဘာ ၂၂

စစ်တပ်က အာဏာသိမ်းပြီးနောက် အာဏာသိမ်းမှုကို ပုံစံအမျိုးမျိုးဖြင့်ဆန့်ကျင့်သည့် ပြည်သူများကို စစ်ကောင်စီက ဖမ်းဆီတရားစွဲဆိုထားသည့် နိုင်ငံရေးအမှုများအား ယခုနှစ်မကုန်ခင် ဒီဇင်ဘာလအတွင်း အပြီးအပြတ်စစ်ဆေးရန် ဖိအားပေးလုပ်ဆောင်နေကြောင်း နိုင်ငံရေးအကျဉ်းသားများကို ကူညီပေးနေသည့် ရှေ့နေများထံမှ သိရသည်။

စစ်ကောင်စီလက်အောက်ရှိ ခရိုင်နှင့်မြို့နယ် တရားရုံးများတွင် ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် စွဲဆိုထားသည့်အမှုများအား ဒီဇင်ဘာလအတွင်း အပြီး စစ်ဆေးဆောင်ရွက်ရန် စစ်ကောင်စီ၏ တရားရေးဝန်ကြီးဌာနက တရားသူကြီးများကို ပြောဆိုလာခြင်းဖြစ်သည်ဟု ဆိုသည်။

" နိုင်ငံရေးမှုနဲ့ ပတ်သက်တာ အကုန်လုံးကို ဒီဇင်ဘာမှ အပြီးစစ်ရမယ်လို့ တရားသူကြီးတွေကို ပြောတယ်တဲ့၊ နှစ်ချုပ်စာရင်းတွေကို အပြီးလုပ်ပေးရမယ့်ဆိုပြီး ပြောလာတာတဲ့၊ အကြောင်းပြချက်ကတော့ မခိုင်လုံဘူး၊ ၁၁ လပိုင်းမှာ ဆွဲတဲ့ အမှုဆိုရင် တစ်လ နှစ်လပဲ အချိန်ရတယ်၊ ဘယ်လိုမှ စစ်ဖို့အဆင်မပြေဘူး၊ အဲ့တာကို တရားသူကြီးက တစ်ပတ်ကို နှစ်ချိန်းခေါ်တယ်၊ အရင်ကဆို တစ်ချိန်းပဲ၊ သူတို့လုပ်ပုံက တရားလိုရဲဘက်က ဘယ်လောက်ကြာကြာအချိန်ပေးပြီး တရားစွဲခံတွေ သက်သေထွက်ရမယ့်အလှည့်ကျတော့ လုံလောက်တဲ့အချိန်မပေးဘူး" ဟု နိုင်ငံရေးအကျဉ်းသားများကို ကူညီပေးနေသည့် ရှေ့နေတစ်ဦးက မဇ္စျိမကို ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ ယခုနှစ်ဒီဇင်ဘာလအထိ အင်းစိန်ထောင်အတွင်းမှ နိုင်ငံရေးအမှုဖြင့် တရားရင်ဆိုင်နေရသူ ၁,၀၀၀ကျော်ရှိနေကြောင်း နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ ပြောကြားချက်အရသိရသည်။

ယခုကဲ့သို့ နိုင်ငံရေးအမှုများအား ယခုနှစ်မကုန်မီ အပြီးစစ်ဆေးရန် စစ်ကောင်စီက တရားဝင်စာဖြင့် ကြေညာထားခြင်းမျိုးမဟုတ်ဘဲ တရားသူကြီးများက ရှေ့နေများထံ ဖိအားပေးပြောဆိုလာခြင်း ဖြစ်သည်ဟု သိရသည်။

"တရားသူကြီးတစ်ဦးဆိုရင် သက်သေထွက်ချက်တွေကို မေးခွန်းမေးတာ များရင် ခင်ဗျားတို့မေးချင်တာမေး။ ကျုပ်က မှတ်တမ်းမတင်ဘူးတို့ သက်သေထွက်နေတဲ့ သူကို သက်သေထွက်တဲ့ တရားခွင်မှာ နင်တို့ထွက်ချင်တာထွက်။ အလိမ်တွေကြီးဘဲလို့ ပြောတာတွေပါရှိပါတယ်။ တရားရုံးရဲ့ လုပ်ထုံးလုပ်နည်းနဲ့ နည်းဥပဒေ ပြဋ္ဌာန်းဥပဒေတွေကို အထက် အမိန့်ဆိုတဲ့ စကားနဲ့ လုပ်ချင်တိုင်းလုပ်နေကြပါတယ်။ ဖမ်းချင်လို့ဖမ်းတယ်။ အမှုတွေစစ်ခိုင်းတယ်။ တရားသူကြီးတွေရဲ့မျက်နှာက သူတို့ကမှန်တယ်။ အခုအဖမ်းခံရတယ်ဆိုတဲ့သူတွေက မှားနေတဲ့တရားခံတွေ။ ငါတို့က ဘယ်သူကိုမှ ဂရုစိုက်စရာမလိုဘူး။ ငါတို့ ရာထူးမပြုတ်ဖို့ဘဲအရေးကြီးတယ်။ အဖမ်းခံရတဲ့ သူတွေကို မောက်မောက်မာမာဆက်ဆံကြတယ်။ တော်တော်ရုပ်ဆိုးတယ်" ဟု အမည်မဖော်လိုသူ ရှေ့နေတစ်ဦး ပြောသည်။

အာဏာသိမ်း တစ်နှစ်ကျော်အတွင်း စစ်ကောင်စီကို ဆန့်ကျင်သည့်အတွက် မတရားဖမ်းဆီးခံထားရသည့် သူများ၏ နိုင်ငံရေးအမှုများကို လိုက်ပေးနေသည့် ရှေ့နေများ အပါအဝင် ရှေ့နေ ၃၀ ဦးထက်မနည်း ဖမ်းဆီးခံထားရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#နိုင်ငံရေးအမှု

#အာဏာသိမ်းမှု

#တရားသူကြီး

#တရားရေးဝန်ကြီးဌာန

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly