ဖလော်ရီဒါတွင် ဒါရိုက်တာကိုပေါက်၏ “မသောက်မိသော မိုးခါးရေ” ရုပ်ရှင်ပြသမှုမှ ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၁၇,၀၀၀ ကျော်ရရှိ

ဖလော်ရီဒါတွင် ဒါရိုက်တာကိုပေါက်၏ “မသောက်မိသော မိုးခါးရေ” ရုပ်ရှင်ပြသမှုမှ ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၁၇,၀၀၀ ကျော်ရရှိ

နိုဝင်ဘာ ၂၂

(မဇ္ဈိမ)။ ။ဒါရိုက်တာ ကိုပေါက်ရိုက်ကူးထားသည့် “ မသောက်မိသော မိုးခါးရေ” (The Road Not Taken) ရုပ်ရှင်အား အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်၊ Jacksonville မြို့တွင်ပြသခဲ့ရာ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၇,၀၀၀ ကျော် ရရှိခဲ့ကြောင်း သိရသည်။

“မသောက်မိသောမိုးခါးရေ” ရုပ်ရှင်ဇာတ်လမ်းတိုကို Jacksonville Myanmar Association အဖွဲ့မှ ဦးဆောင်၍ အမေရိကန် စံတော်ချိန် နိုဝင်ဘာ ၂၀ ရက် ညနေ ၅ နာရီမှ ည ၈ နာရီ အထိပြသကာ ရုံပြည့်ရုံလျှံ အားပေးခဲ့ကြပြီး ပန်ဆယ်လိုနှင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့မှလည်း ဖလော်ရီဒါ မြန်မာမိသားစုနှင့် Zoom မှ တစ်ဆင့်နွေးထွေးစွာ တွေ့ထိဆွေးနွေးကြကြောင်း Jacksonville Myanmar Association အဖွဲ့ထံက သိရသည်။

ရုပ်ရှင်ပြသမှုကို Jacksonville မြို့နှင့်အနီးတစ်ဝိုက်တွင်နေထိုင်ကြသော လူဦးရေ နှစ်ရာကျော်ခန့်ရှိသည့် မြန်မာပြည်ဖွားတိုင်းရင်းသားမိသားစုများနှင့် အမေရိကန်မိတ်ဆွေမိသားစုများက တစ်ခဲနက် တက်ရောက်အားပေးကြည့်ရှုကြသည်။

ရုပ်ရှင်ပြပွဲတွင် ရန်ပုံငွေ တီရှပ်များအပြင် ရန်ပုံငွေ အစားသောက်ဈေးရောင်းပွဲကိုပါ ပူးတွဲ၍ ရန်ပုံငွေ မြှင့်တင်နိုင်ခဲ့ကြောင်း Jacksonville Myanmar Association အဖွဲ့က ဆိုသည်။

ရရှိထားသော ရန်ပုံငွေအလှူငွေများကို မြန်မာနိုင်ငံအနှံ့ အရေးပေါ်လိုအပ်နေသည့်နေရာများသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ( MOD) မှတစ်ဆင့် ညှိနှိုင်းပြီး အမြန်ဆုံး‌ ပေးအပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

“မသောက်မိသော မိုးခါးရေ” ရုပ်ရှင်ဇာတ်လမ်းတိုကို ဒါရိုက်တာကိုပေါက်က တောတွင်းတစ်နေရာတွင် ဖုန်းကင်မရာကိုအသုံးပြုကာ CDM စစ်ဗိုလ်တစ်ဦး၏ဖြစ်ရပ်မှန်ကို အခြေခံ၍ ရိုက်ကူးထားခြင်းဖြစ်သည်။

“မသောက်မိသော မိုးခါးရေ” ရုပ်ရှင်ကို လတ်တလောတွင် ပြည်ပနိုင်ငံအသီးသီး၌ လှည့်လည် ပြသခဲ့ပြီး ပရိသတ်အားပေးမှုများ ရရှိထားကာ ယခုနိုဝင်ဘာလထဲတွင် အမေရိကန်၊ နော်ဝေ၊ ဂျပန်၊ အင်္ဂလန်၊ အီတလီ၊ နယူးဇီလန်၊ သြစတြေးလျ၊ မလေးရှားနှင့် အိန္ဒိယနိုင်ငံရှိ မြို့ကြီးအသီးသီးတွင် ဆက်လက်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#မသောက်မိသောမိုးခါးရေ

#ဖုန်းကင်မရာ

#ဒါရိုက်တာကိုပေါက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly