တူမီးထီအစီအစဉ်က စစ်ဘေးရှောင်နှင့် တော်လှန်ရေးအဖွဲ့သို့ ကျပ်သိန်း ၂၀၀ကျော် အားဖြည့်နိုင်ဟုဆို

တူမီးထီအစီအစဉ်က စစ်ဘေးရှောင်နှင့် တော်လှန်ရေးအဖွဲ့သို့ ကျပ်သိန်း ၂၀၀ကျော် အားဖြည့်နိုင်ဟုဆို

နိုဝင်ဘာလ ၂၁ ရက်

လစဉ်ဖွင့်လှစ်လျက်ရှိသော တူမီးထီအစီအစဉ်မှ ခြောက်လတာအတွင်း ချင်းပြည်နယ်ရှိ စစ်ဘေးရှောင် (IDPs)များနှင့် ချင်းတော်လှန်ရေးအဖွဲ့အစည်းများသို့ အမေရိကန်ဒေါ်လာ ၈,၃၅၀ (၂၀,၈၇၅,၀၀၀ကျပ် )ကူညီအားဖြည့်နိုင်ခဲ့ကြောင်း တူးမီးထီမှ နိုဝင်ဘာလ ၁၈ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ချင်းပြည်နယ်အတွင်းရှိ မြို့နယ်များဖြစ်သော တွန်းဇံ ၊ တီးတိန် ၊ ဖလမ်း ၊ ထန်တလန် ၊ မတူပီ ၊ ပလက်ဝ ၊ ဟားခါး ၊ မင်းတပ် ၊ ကန်ပက်လက် မြို့နယ်များရှိ စစ်ဘေးရှောင် များအတွက် အမေရိကန်ဒေါ်လာ ၄,၁၉၀ (၁၀,၄၇၅,၀၀၀ကျပ်) ကူညီအားဖြည့်နိုင်ခဲ့ကြောင်း ဆိုသည်။

ထို့အပြင် Asho Chin Defense Force အပါအဝင် ချင်းတော်လှန်ရေး အင်းအားစု ၁၈ဖွဲ့ ဖြင့် ဖွဲ့စည်းထားသော ချင်းလဲန်းပူးပေါင်းကာကွယ်ရေးကော်မတီ(CJDC) ထံသို့ အမေရိကန်ဒေါ်လာ ၄,၁၆၀ (၁၀,၄၀၀,၀၀၀ကျပ်) ပေးပို့ခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်သည် စစ်ကောင်စီ၏ အနော်ရထာစစ်ဆင်ရေးကို အလူးအလဲ ခံစားနေရသော ပြည်နယ်ဖြစ်သော်လည်း နောက်မဆုတ်တမ်း စစ်အာဏာရှင်စနစ်ကို နည်းမျိုးစုံဖြင့် တော်လှန်နေဆဲဖြစ်ကြောင်း ဆိုသည်။

စစ်ကောင်စီ၏ အကြမ်းဖက်ထိုးစစ်ဆင်မှု ၊ အကြောင်းမဲ့ပစ်ခတ်မှုများကြောင့် ချင်းပြည်နယ်ရှိ ပြည်သူ ၅၀,၀၀၀(ငါးသောင်း) ခန့် တောတောင်များတွင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး အချို့မှာ အိန္ဒိယ - မြန်မာနယ်စပ်များတွင် ခိုလှုံလျက် ရှိကြောင်းဖော်ပြထားသည်။

တူမီးထီ တစ်စောင်လျှင် ငါးဒေါ်လာဖြင့် လစဉ်ရောင်းချပေးလျက်ရှိနေပြီး ချင်းပြည် တော်လှန်ရေးဆက်လက်ရှေ့ဆက်နိုင်ရန်အတွက် တော်လှန်ပြည်သူ ၊ ထောက်ပို့ ပြည်သူများအနေဖြင့် ကံစမ်းရင်းတော်လှန်ရေးတွင် ပါဝင်နိုင်သောကြောင့် ဆက်လက်ပါဝင် အားဖြည့်ပေးကြပါရန် တူမီးထီမှ မေတ္တာရပ်ခံထားသည်။

ချင်းရန်ပုံငွေအဖွဲ့ Chin Relief Funding Program (CRFP) ကို ချင်းအမျိုးသား တော်လှန်ရေးအတွက် လိုအပ်သည့် ဘဏ္ဍာငွေရှာဖွေခြင်းနှင့် တော်လှန်ရေးကာလအလွန် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို ဦးတည်လျက် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၉ရက်တွင် ဖွဲ့စည်းခဲ့ကြောင်းသိရသည်။

ယင်း CRFP စီမံကိန်းများထဲမှ တူမီးထီ (Chin Digital Lottery) အစီအစဉ်ကို ဧပြီလ ၁၁ရက် ၂၀၂၂ တွင် စတင်ဖွင့်လှစ်ရောင်းချခဲ့ကြောင်း သိရသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly