ခရီးသွားလုပ်ငန်း ပြန်လည်အသက်ဝင်လာ၍ ထိုင်းစီးပွားရေး ဖွံ့ဖြိုးလာ 

ခရီးသွားလုပ်ငန်း ပြန်လည်အသက်ဝင်လာ၍ ထိုင်းစီးပွားရေး ဖွံ့ဖြိုးလာ 

နိုဝင်ဘာလ ၂၁ ရက်

ထိုင်းနိုင်ငံသို့ နိုင်ငံတကာ ခရီးသွားများ ပြန်လည်ရောက်ရှိလာခြင်းသည် ဖြစ်တည်နေသော ငွေကြေးဖောင်းပွမှုကို ကာမိအောင် အထောက်အပံ့ပြုနေခြင်းနှင့်အတူ တတိယ သုံးလပတ်၌ နိုင်ငံ၏ စီးပွားရေး အားကောင်းလာမှု ရှိလာကြောင်း တာဝန်ရှိသူများက တနင်္လာနေ့တွင် ပြောသည်။ 

အရှေ့တောင်အာရှ၏ ဒုတိယစီးပွားရေး အကြီးဆုံး ထိုင်းနိုင်ငံ၏ စီးပွားရေးသည် ကပ်ဘေး၏ ဒဏ်ကို ခံစားခဲ့ရခြင်း ဖြစ်သော်လည်း ယခုနှစ် အစောပိုင်းတွင် ခရီးသွားများအား ပြန်လည်လက်ခံလာခြင်းဖြင့် ဝန်ဆောင်မှုကဏ္ဍတွင် စံချိန်တင် ဖွံ့ဖြိုးပြီး တစ်နှစ်ကထက် ၈၇ ရာခိုင်နှုန်း တိုးတက်လာကြောင်း တရားဝင်အချက်အလက်များက ပြသည်။ 

ဇူလိုင်မှ စက်တင်ဘာလအထိ ဂျီဒီပီ ဖွံ့ဖြိုးနှုန်းသည် တစ်နှစ်ကထက် ၄ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်သည်ဟု ထိုင်းနိုင်ငံ အမျိုးသား စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးမှုကောင်စီ NESDC က မှတ်တမ်းတင်ပြီး ယခုနှစ် တစ်လုံးအတွက် ၃ ဒသမ ၂ ရာခိုင်နှုန်း ဖွံ့ဖြိုးမှု အလားအလာနှင့် ၂၀၂၃ အတွက် ၃ ဒသမ ၀ သို့မဟုတ် ၄ ဒသမ ၀ ရာခိုင်နှုန်း ဖွံ့ဖြိုးနိုင်သည်ဟု ခန့်မှန်းသည်။ 

“ဒီနှစ်အစောပိုင်းမှာ ခရီးသွားလုပ်ငန်း ပြန်ဖွင့်တာကြောင်း ဝန်ဆောင်မှုကဏ္ဍဟာ ဆက်လက်ဖွံ့ဖြိုးလာတယ်”ဟု NESDC ၏ အတွင်းရေးမှူးချုပ် ဒါနုချာ ပီချာယာနန်က ပြောပြီး ပုဂ္ဂလိက သုံးစွဲမှုက ကိုးရာခိုင်နှုန်း တိုးသည်ဟု ဖြည့်စွက်ဆိုသည်။ 

နိုင်ငံအား ပြန်ဖွင့်ချိန်မှစပြီး ခရီးသွားဧည့်သည် ၁၀ ဒသမ ၂ သန်း လာရောက်ခဲ့သည့်နောက် ယခုနှစ်အတွက် ခရီးသွားလုပ်ငန်းမှ ဝင်ငွေ ဘတ် ၅၇၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၈ ဘီလီယံ) နီးပါး ရရှိနိုင်သည်ဟု ထိုင်းနိုင်ငံက မျှော်မှန်းထားသည်။ ကပ်ဘေးမတိုင်ခင် အကြမ်းဖျင်းအားဖြင့် ခရီးသွား သန်း ၄၀ ဝန်းကျင် လာရောက်မှု ရှိခဲ့သည်။ 

သို့ရာတွင် တရုတ်၏ COVID-19 ခရီးသွားကန့်သတ်စည်းမျဉ်းများကို ဖြေလျှော့လာနိုင်ခြေကို ထောက်ရှုလျက် ပြန်လည်ဦးမော့လာမှု လက္ခဏာများ ရှိနေပြီဟု ဒါနုချာက ပြောသည်။ 

“လာမယ့်နှစ် ဒုတိယနှစ်ဝက်လောက်မှာ တရုတ်က ခရီးသွားကန့်သတ်ချက်တွေကို ဖြေလျှော့မယ်လို့ ကျွန်တော်တို့ ယူဆတယ်”ဟု ၎င်းက ပြောသည်။ 

ဘုရင့်တိုင်းပြည် ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်း စီးပွားရေးသည် တရုတ်ခရီးသွားများက ကြီးကြီးမားမား ဖြည့်ဆည်းနေခြင်းဖြစ်ပြီး လာရောက်မှုအားလုံး၏ ၂၈ ရာခိုင်နှုန်းခန့် ရှိသည်ဟု Bloomberg သတင်းအရ သိရသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly