APEC အစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ခြင်းအတွက် ထိုင်းနိုင်ငံကို အမေရိကန် ချီးကျူး 

By The White Hours
21 November 2022
APEC အစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ခြင်းအတွက် ထိုင်းနိုင်ငံကို အမေရိကန် ချီးကျူး 

နိုဝင်ဘာလ ၂၁ ရက်

အမေရိကန် ဒုတိယသမ္မတ ကာမာလာ ဟာရစ်သည် ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာနှင့် ဘန်ကောက်တွင် နိုဝင်ဘာ ၁၉ ရက်၌ တွေ့ဆုံခဲ့သည်။ ယခုနှစ် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု APEC အစည်းအဝေးကို အောင်မြင်စွာ အိမ်ရှင်အဖြစ် ကျင်းပနိုင်ခြင်းအတွက် ထိုင်းနိုင်ငံအား ဒုတိယသမ္မတက ချီးကျူးသည်။ ထိုသို့သော အောင်မြင်မှုမျိုးဖြင့် ၂၀၂၃ APEC အစည်းအဝေးအား အမေရိကန်က အိမ်ရှင်အဖြစ် ကျင်းပသွားမည်ဟုလည်း ၎င်းက မှတ်ချက်ပြုပြောဆိုသည်။ 

အမေရိကန်နှင့် ထိုင်းနိုင်ငံကြားက ဘုံတန်ဖိုးများတွင် အခြေခံသည့် ကြာရှည်ခံသော မိတ်ဖက်ပြုမှုကို ဒုတိယသမ္မတက ထပ်လောင်းအတည်ပြုပြီး အပြန်အလှန် ဆက်ဆံရေးနှင့် ကမ္ဘာလုံးဆိုင်ရာ အရေးကိစ္စများတွင် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာရေး ကြိုးပမ်းအားထုတ်မှုများကို ဆွေးနွေးသည်။ ဆိုက်ဘာလုံခြုံရေး မြှင့်တင်ရန် လုပ်ဆာင်ချက်များအပါအဝင် လုံခြုံရေးပူးပေါင်းဆောင်ရွက်များကို ၎င်းတို့ နှစ်ဦးက ဆွေးနွေးကြသည်။ ထိုပြင် လွတ်လပ်ပြီး ပွင့်လင်းမြင်သာသော အင်ဒို-ပစိဖိတ် ဆက်ဆံရေး မြှင့်တင်နေသည့် အလိုငှာ ပြည်သူများအတွက် မဟာမိတ် ပူးပေါင်းဆောင်ရွက်မှုမှ အကျိုးစီးပွားများကိုလည်း ဆွေးနွေးကြသည်။ 

ထိုင်းဝန်ကြီးချုပ်၏ “Bio-Circular Green Economy” စီးပွားရေးပုံစံကိုလည်း ရာသီဥတုပြောင်းလဲမှုအား ကိုင်တွယ်ဖြေရှင်းရေးတွင် အရေးပါသော အားထုတ်မှုအဖြစ် ဒုတိယသမ္မတက ကြိုဆိုသည်။ ရာသီဥတု ရည်မှန်းချက်များ၊ ကာဗွန်ထုတ်လုပ်မှု လျှော့ချခြင်း၊ ရာသီဥတုနှင့် လိုက်လျောညီထွေ လုပ်ဆောင်ခြင်း၊ သန့်ရှင်းစွမ်းအင်နှင့်အတူ စီးပွားရေး အခွင့်အလမ်းများ လမ်းဖွင့်ရေး၊ သန့်ရှင်းစွမ်းအင်တွင် ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်မှုအပါအဝင် ရာသီဥတုအရေး ကိုင်တွယ်ရေးနှင့် နျူကလီးယား နည်းပညာတို့ အရေးကိစ္စများကိုလည်း ၎င်းတို့က ဆွေးနွေးသည်။ မဲခေါင်ဒေသငယ်တွင် ထိုင်းနိုင်ငံ၏ ဦးစီးဦးဆောင်ပြုမှုကို ဒုတိယသမ္မတက ကြိုဆိုပြီး မဲခေါင်ဒေသနိုင်ငံများနှင့် မိတ်ဖက်ပြုပြီး ငြိမ်းချမ်းရေး၊ ချမ်းသာဝပြောရေးနှင့် တည်ငြိမ်စွာ ဖွံ့ဖြိုးရေးတို့ကို မြှင့်တင်မည့် အမေရိကန်၏ ကတိကဝတ်များကိုလည်း ထပ်လောင်းအာမခံပြုခဲ့သည်။ 

ဖြစ်ထွန်းစည်ပင်ပြီး ကြံ့ကြံ့ခိုင်သော အရှေ့တောင်အာရှတွင် အကျိုးစီးပွားများ ခွဲဝေမှုကို ဒုတိယသမ္မတက အလေးထား ပြောဆိုပြီး ဒေသတွင်း အမေရိကန်၏ စီးပွားရေး ဦးစီးဦးဆောင်ပြုမှုကိုလည်း ဆွေးနွေးကြသည်။ ယူကရိန်းအား ရုရှ၏ ရက်စက်စွာ ကျူးကျော်မှုနှင့် ကုလသမဂ္ဂ ပဋိညာဉ်ကို ချိုးဖောက်ခြင်း အပါအဝင် ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်များကိုလည်း ဒုတိယသမ္မတနှင့် ဝန်ကြီးချုပ်တို့က ဆွေးနွေးကြသည်။ နိုင်ငံတကာ စည်းမျဉ်းများနှင့် စံနှုန်းများနှင့်အညီ ရပ်တည်နိုင်ရေးသည် အရေးကြီးကြောင်း ဒုတိယသမ္မတက အသားပေးပြောဆိုခဲ့သည်။ ဆိုးဝါးလာနေသော မြန်မာ့အကျပ်အတည်းကိုလည်း ဒုတိယသမ္မတက အရေးတယူ ပြောဆိုပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ကြိုးစားနေသော မြန်မာပြည်သူများအား နိုင်ငံတကာ အသိုင်းအဝိုင်း၏ ပံ့ပိုးမှုက အရေးပါကြောင်း အလေးထား ပြောဆိုသည်။ မြန်မာ စစ်အာဏာသိမ်းအုပ်စု၏ ကျူးလွန်နေဆဲ ရက်စက်ယုတ်မာမှုများနှင့် လူ့အခွင့်အရေး အလွဲသုံးစားလုပ်မှုများကို ဒုတိယသမ္မတက ရှုတ်ချသည်။ အမေရိကန်သည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်ကြောင်းကို ဒုတိယသမ္မတက ရှင်းရှင်းလင်းလင်း သိရှိစေခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly