ထိုင်းတွင် အသေးစား နျူကလီးယားဓာတ်ပေါင်းဖို တည်ဆောင်ရေး အမေရိကန် ကူညီမည် 

ထိုင်းတွင် အသေးစား နျူကလီးယားဓာတ်ပေါင်းဖို တည်ဆောင်ရေး အမေရိကန် ကူညီမည် 

နိုဝင်ဘာလ ၁၉ ရက်

ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေး စီမံကိန်းတစ်ရပ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ထိုင်းနိုင်ငံတွင် အမျိုးအစားသစ် အသေးစား ဓာတ်ပေါင်းဖိုများမှ နျူကလီးယားစွမ်းအင် ထုတ်လုပ်ရေးအတွက် အမေရိကန်က ကူညီသွားမည်ဖြစ်ကြောင်း အမေရိကန် ဒုတိယသမ္မတ ကာမာလာ ဟာရစ်က စနေနေ့က ခရီးစဉ်အတွင်း ကြေညာသည်။ 

ယခု အကူအညီသည် ပြီးခဲ့သည့်နှစ်က ဂလက်စ်ဂိုးက ရာသီဥတု ညီလာခံ၌ ဖော်ဆောင်ခဲ့သော စီမံကိန်းတစ်ရပ်ဖြစ်သည့် Net Zero World Initiative လုပ်ငန်းစဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း အိမ်ဖြူတော်က ပြောသည်။ 

ထိုင်းနိုင်ငံသည် နျူကလီးယားစွမ်အင်သုံး ဓာတ်အား ထုတ်လုပ်နိုင်သေးခြင်း မရှိဘဲ ၂၀၁၁ ခုနှစ်က ဂျပန်နိုင်ငံတွင် ဖူကူရှီးမား နျူကလီးယား မတော်တဆမှုအပြီး ပြည်သူများ၏ စိတ်တွင်လည်း စိုးရိမ်ပူပန်မှုများ ရှိနေသည်။ 

အသေးစား မော်ဂျူလာ ဓာတ်ပေါင်းဖိုများ တည်ဆောက်ရေးနည်းပညာကို အရှေ့တောင်အာရှ ထိုင်းနိုင်ငံသို့ နည်းပညာ အကူအညီ ပေးသွားမည်ဟု အိမ်ဖြူတော်က ဆိုသည်။ ပေးအပ်မည့် နည်းပညာသစ်အရ ဓာတ်ပေါင်းဖိုများသည် အရေးပေါ် လိုအပ်၍ ပိတ်ချရာတွင် လူမပါဝင်ဘဲ ပိတ်ချနိုင်မည်ဖြစ်၍ ပိုမို ဘေးကင်းသည်ဟု ယူဆရမည် ဖြစ်သည်။ 

“အသေးစား ဓာတ်ပေါင်းဖိုတွေရဲ့ အကျိုးကျေးဇူးနဲ့ သန့်ရှင်းစွမ်းအင် အရင်းအမြစ် ထားရှိနိုင်ရေးအတွက် မိမိတို့ဟာ ထိုင်းနဲ့အတူ အမှန်တကယ် ဦးတည်ဆောင်ရွက်နေပါတယ်”ဟု ဟာရစ်နှင့်အတူ ခရီးစဉ်၌ လိုက်ပါသော အမေရိကန်အကြီးတန်းတာဝန်ရှိသူတစ်ဦးက အမည်မဖော်ဘဲ ပြောသည်။ 

“အမြင့်ဆုံး ဘေးအန္တရာယ် ကင်းစင်မှု စံနှုန်းများ၊ လုံခြုံရေးနှင့် ရေဒီယိုသတ္တိကြွမှု ပြန့်ပွားနိုင်ခြင်း မရှိမည့်” ဓာတ်ပေါင်းဖိုများ တည်ဆောက်ရေးကို ထိုင်းနိုင်ငံနှင့်အတူ အမေရိကန်ပညာရှင်များ ဆောင်ရွက်နေကြောင်း အိမ်ဖြူတော် ထုတ်ပြန်ချက်တစ်ရပ်၌ ဖော်ပြသည်။ 

အမေရိကန်၏ ပြိုင်ဖက်များဖြစ်သော တရုတ်နှင့် ရုရှအပြင် အာဂျင်တီးနားတို့ကလည်း အသေးစား မော်ဂျူလာ ဓာတ်ပေါင်းဖိုများ တည်ဆောက်ရေးကို လုံးပမ်းနေပြီး ဒီဇိုင်းဆွဲသည့် အဆင့်၌ ရှိနေသည်။ 

ထိုင်းတွင် ဓာတ်ပေါင်းဖို တည်ဆောက်မည့် အချိန်ကို အိမ်ဖြူတော်က မပြောသော်လည်း ထိုင်းနိုင်ငံ၏ ၂၀၆၅ မကျော်ခင် ကာဗွန်ကင်းစင်မှု ရည်မှန်းချက်ကို ထောက်ပံ့သွားမည်ဖြစ်ကြောင်း ဆိုထားသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly