မြောက်ကိုရီးယား ခေါင်း‌ဆောင် ကင်ဂျုံးအွန်က သမီးဖြစ်သူကို ကမ္ဘာ့သို့ ပထမဆုံး ပြသလာ 

မြောက်ကိုရီးယား ခေါင်း‌ဆောင် ကင်ဂျုံးအွန်က သမီးဖြစ်သူကို ကမ္ဘာ့သို့ ပထမဆုံး ပြသလာ 

နိုဝင်ဘာလ ၁၉ ရက်

နျူကလီးယားလက်နက်နိုင်ငံ မြောက်ကိုရီးယား၏ ပြီးခဲ့သည့် ရက်က အကြီးဆုံး ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်မှုအား ကြည့်ရှုစစ်ဆေးရာတွင် ခေါင်းဆောင်ဖြစ်သူ ကင်ဂျုံးအွန်သည် သမီးဖြစ်သူနှင့် လက်ချင်းတွဲထားသည့် သိသာထင်ရှားသော ဓာတ်ပုံများကို စနေနေ့က ထုတ်ပြန်လိုက်ပြီး ကမ္ဘာသို့ ပထမဆုံးအဖြစ် သူ့၏ သမီးဖြစ်သူကို ပြသလာခဲ့သည်။ 

မြောက်ကိုရီးယားနိုင်ငံသည် ပြီးခဲ့သည့် သောကြာနေ့က ICBM တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် Hwasong-17 ကို စမ်းသပ်ပစ်လွှတ်ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက စနေနေ့တွင် ဖော်ပြသည်။ 

သို့ရာတွင် အကြီးအကျယ် အံ့အားသင့်စရာ ဖြစ်စေသည်မှာ ယခင် အများသိ မည်သည့်အခါမျှ ထွက်ပေါ်လာဖူးခြင်း မရှိသော ကင်ဂျုံးအွန်၏ သမီးဖြစ်သူကိုပါ မြင်တွေ့ရခြင်း ဖြစ်သည်။ 

ကြီးမားသည့် ဒုံးကျည်တစ်စင်းကို ကြည့်ရှုချိန်၌ ဖခင်ဖြစ်သူ၏ လက်ကို ကိုင်စွဲထားသည့် အဖြူရောင် ကုတ်အင်္ကျီ ဝတ်ဆင်ထားသော ဓာတ်ပုံများ၌ မြင်တွေ့ရသည့် အဆိုပါ မိန်းကလေး၏ အမည်ကို KCNA သတင်းက ဖော်ပြခြင်း မရှိပေ။ 

“ကင်ဂျုံးအွန်ရဲ့ သမီးကို အများမြင်ကွင်းမှာ မြင်တွေ့ရတာ ဒါဟာ ပထမဆုံးပဲ ဖြစ်တယ်”ဟု အမေရိကန်အခြေစိုက် Stimson Center မှ မြောက်ကိုရီးယား ခေါင်းဆောင်မှုနှင့် ပတ်သက်သော ပညာရှင် မိုက်ကယ် မတ်ဒန်က ပြောသည်။ “ဒီလိုမျိုး ပုံစံမျိုးနဲ့ သမီးဖြစ်သူကို လူမြင်ကွင်း ခေါ်ဆောင်လာတာဟာ ကင်ဂျုံးအွန်အနေနဲ့ တော်တော်လေး စိတ်ကျေနပ်မှု ရှိလို့ပဲ ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။ 

ကင်ဂျုံးအွန်တွင် မိန်းကလေးနှစ်ဦးနှင့် ယောက်ကျားလေးတစ်ဦးအပါ ကလေး သုံးဦး ရှိထားသည်ဟု ယူဆရကြောင်း ပညာရှင်များက ပြောကြသည်။ ထိုကလေးများမှ တစ်ဦးသည် စက်တင်ဘာလက အမျိုးသားအားလပ်ရက် အခမ်းအနားများ ကျင်းပချိန်၌ မြင်တွေ့ရဖူးကြောင်း အချို့သော စောင့်ကြည့်သူများက ယူဆကြသည်။ 

အနားယူသွားသော အမေရိကန် ဘတ်စ်ကက်ဘော ကြယ်ပွင့် ဒန်နစ် ရော့ဒ်မန်းက ကင်ဂျုံးအွန်တွင် ဂျူအီ အမည်ရ သမီးတစ်ဦးရှိသည်ဟု ၂၀၁၃ ခုနှစ်အတွင်းက ပြောဖူးသည်။ ထိုနှစ်ထဲ၌ မြောက်ကိုရီးယားသို့ သွားရောက်ခဲ့ပြီး ပြန်လာသည့် ရော့ဒ်မန်းက ကင်ဂျုံးအွန်နှင့် ထို မိန်းကလေးပါ ပါသော သူ့မိသားစုနှင့် အချိန်ကုန်လွန်ခဲ့ကြောင်း The Guardian သတင်းစာသို့ ပြောသည်။ 

ဂျူအီသည် အသက် ၁၂၊ ၁၃ နှစ်အရွယ်လောက် ဖြစ်နိုင်ပြီး တက္ကသိုလ်တက်ရန်၊ သို့မဟုတ် စစ်မှုထမ်းရန် လေး၊ ငါးနှစ်လိုအလို ဖြစ်ကြောင်း မတ်ဒန်က ပြောသည်။ 

“ဒါဟာ ညွှန်ပြကောင်း ညွှန်ပြန်နေနိုင်ပါတယ်၊ ဒီ ကလေးမအနေနဲ့ တက္ကသိုလ်တက် ဘွဲ့ယူတာ ဒါမှမဟုတ် ခေါင်းဆောင်မှုအတွက် လေ့ကျင့်ပေးတာမျိုး ပြင်ဆင်နေလိမ့်မယ်၊ ဗဟိုခေါင်းဆောင်မှုပိုင်းမှာ ဆက်ခံဖို့ ပြင်ဆင်နေနိုင်သလို သူ့အဒေါ်လိုမျိုး အကြံပေးဖြစ်လာပြီး နောက်ကွယ်က ရပ်တည်ဖို့လည်း ပြင်ဆင်ကောင်း ပြင်ဆင်နေနိုင်တယ်”ဟု မတ်ဒန်က ပြောခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly