ပိုလန်တွင် ဒုံးကျည်ကျရောက်ခြင်းနှင့် ပတ်သက်ပြီး အမေရိကန်၏ တုံ့ပြန်မှုကို ရုရှ ချီးကျူး 

ပိုလန်တွင် ဒုံးကျည်ကျရောက်ခြင်းနှင့် ပတ်သက်ပြီး အမေရိကန်၏ တုံ့ပြန်မှုကို ရုရှ ချီးကျူး 

နိုဝင်ဘာလ ၁၆ ရက်

ပိုလန်တွင် ဒုံးကျည်ကျရောက်ခြင်းနှင့် ပတ်သက်ပြီး အမေရိကန်၏ “ချင့်ချင့်ချိန်ချိန် ရှိသော” တုံ့ပြန်မှုနှင့် အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒင်က ရုရှထံမှ ဒုံးကျည်များ ‘မဖြစ်နိုင်ကြောင်း” ပြောဆိုမှုတို့ကို ရုရှက ဗုဒ္ဓဟူးနေ့တွင် ချီးကျူးလိုက်သည်။ 

“ဒီ ဖြစ်စဉ်မှာ အမေရိကန်ဆီက ချင့်ချင့်ချိန်ချိန်ရှိပြီး ပိုပြီး ပညာရှင်ဆန်တဲ့ တုံ့ပြန်မှုကို အလေးထားရမှာ ဖြစ်တယ်”ဟု ရုရှပြောခွင့်ရသူ ဒီမီထရီ ပီစကော့ဗ်က သတင်းထောက်များအား ပြောသည်။ 

“ပိုလန်က ဖြစ်စဉ်အတွက်ကတော့ ရုရှဟာ ဘာမှ မလုပ်ထားဘူး”ဟု ပီစကော့ဗ်က ထပ်လောင်းပြောသည်။ 

ယူကရိန်းနယ်စပ်အနီး ပိုလန်ဘက်ခြမ်းတွင် အင်္ဂါနေ့က ဒုံးကျည်တစ်စင်း ကျရောက်ခဲ့ပြီး လူနှစ်ဦး သေဆုံးခဲ့ရသည်။ 

ဘာလီက ဂျီ ၂၀ အစည်းအဝေးတွင် ကမ္ဘာ့ခေါင်းဆောင်များ စုရုံးနေချိန်၌ ဖြစ်ပွားခြင်းဖြစ်ကာ အနောက်အုပ်စု အကြီးအကဲများက ဖြစ်ရပ်နှင့် ပတ်သက်ပြီး ကောက်ချက်ချရန် သတိထားစောင့်ကြည့်ခဲ့ကြသည်။ 

ရုရှဆီမှ ပစ်လွှတ်သည့် ဒုံးကျည်လားဟု မေးမြန်းသည်ကို “ကနဦး အချက်အလက်တွေကတော့ ဒါနဲ့ ဆန့်ကျင်ဖက်ဖြစ်တယ်”ဟု ဘိုင်ဒင်က ပြောခဲ့ခြင်း ဖြစ်သည်။ 

“မဖြစ်နိုင်ပါဘူး၊ ရုရှဆီက ပစ်လွှတ်တာ မဖြစ်နိုင်ဘူး၊ ဒါပေမဲ့ ကျွန်တော်တို့ စောင့်ကြည့်ရမှာ ဖြစ်တယ်”ဟု ၎င်းက ပြောသည်။ 

ပိုလန်သမ္မတ အန်ဒါးဇက် ဒူဒါက စိတ်အေးအေး ထားကြရန် တိုက်တွန်းပြီး ဒုံးကျည်များ လာရာကို “ပြတ်သားသည့် သက်သေ” မရှိကြောင်းနှင့် “သီးခြား” မတော်တဆမှုအဖြစ် ရှုမြင်ကြောင်း ပြောသည်။ 

လူသေဆုံးသည့် ယခု ဒုံးကျည်ပေါက်ကွဲမှုတွင် ရုရှက တာဝန်မရှိကြောင်း ရုရှကာကွယ်ရေးဝန်ကြီးဌာနက ငြင်းဆန်သည်။ 

“အပျက်အစီး ဓာတ်ပုံတွေကို ရုရှစစ်ပါရဂူတွေ ပြတ်ပြတ်သားသား စိစစ်ချက်အရတော့ ယူကရိန်း S-300 လေကြောင်းရန်ကာစနစ်က လေယာဉ်ဖျက် ပဲ့ထိန်းဒုံးကျည်ရဲ့ အပိုင်းအစတွေလို့ သိရတယ်”ဟု ယင်း ဝန်ကြီးဌာနက ထုတ်ပြန်သည်။ 

“ပစ်မှတ်တွေအပေါ် တိကျတဲ့ တိုက်ခိုက်မှုတွေကို ယူကရိန်းပိုင်နက်ကနေပြီး လုပ်တာဖြစ်ပြီး ယူကရိန်း-ပိုလန် နယ်စပ်ကနေ ၃၅ ကီလိုမီတာတောင် မကွာဝေးတဲ့ နေရာမှ ဖြစ်တယ်”ဟု ထုတ်ပြန်ချက်၌ ထပ်လောင်းဖော်ပြသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly