ရန်ကုန်နှင့် ဧရာဝတီတိုင်းမှလွဲ၍ နိုင်ငံတစ်ဝန်းတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့

ရန်ကုန်နှင့် ဧရာဝတီတိုင်းမှလွဲ၍ နိုင်ငံတစ်ဝန်းတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့

နိုဝင်ဘာ ၁၆

မဲဆောက်(မဇ္ဈိမ)။ ။ရန်ကုန်နှင့် ဧရာဝတီတိုင်းမှလွဲ၍ ကျန်သည့် ပြည်နယ်နှင့်တိုင်းများတွင် စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ မနေ့က သတင်းထုတ်ပြန်သည်။

ပြည်နယ် ခုနစ်ပြည်နယ်နှင့် တိုင်း ငါးခုတွင် စစ်ကောင်စီက ပြီးခဲ့သည့်၂၀၂၁ခုနှစ် အောက်တိုဘာလ ၁ရက်နေ့မှ ယခုနှစ် စက်တင်ဘာလ ၃၀ရက်နေ့ အထိ လေကြောင်းတိုက်ခိုက်မှုစုစုပေါင်း ၂၆၈ကြိမ် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း NUGကဆိုသည်။

ထိုသို့လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးသည့် ပြည်သူစုစုပေါင်း ၁၅၅ဦးရှိပြီး ၎င်းတို့ထဲတွင် အသက်မပြည့်သေးသည့် ကလေးငယ် ခုနစ်ဦးပါဝင်သည်ကို တွေ့ရသည်။

စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာတွင် ၎င်းတို့စစ်ရေးအရ အထိနာနေသည့် ဒေသများဖြစ်သည့် ကချင်ပြည်နယ်၊ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တို့တွင် အကြိမ်ရေများစွာ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။

အထက်ပါဒေသများတွင် စစ်ကောင်စီသည် မြေပြင်၌ ဒေသခံကာကွယ်ရေးအဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင်များ၏ ခုခံတိုက်ခိုက်မှုများကြောင့် စစ်ကြောင်းထိုးရန်မလွယ်ကူတော့ဘဲ လေကြောင်းကိုသာ အဓိကထား အသုံးပြုတိုက်ခိုက်နေရသည်။

“လေကြောင်းမပါရင်တော့ စစ်ကောင်စီတိုက်ခိုက်ရေးတပ်တွေအဖို့ ၉၀ရာခိုင်နှုန်း ရှုံးဖို့များသွားပြီ၊ အဓိကက စိတ်ဓာတ်လေ၊ သူတို့စိတ်ဓာတ်ပျက်သွားပြီ” ဟု CDMဗိုလ်ကြီးဇင်ယော်က စစ်ကောင်စီ၏ လေကြောင်းအသုံးပြု တိုက်ခိုက်နေမှုများနှင့် ပတ်သက်၍ မှတ်ချက်ပြုသည်။

စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ရာတွင် စစ်ရေးပစ်မှတ်များသာမက အရပ်သားပစ်မှတ်များကိုပါ တိုက်ခိုက်လျက်ရှိနေသည်။ စစ်ကိုင်းတိုင်းသည် အရပ်သားပစ်မှတ်အများဆုံး တိုက်ခိုက်ခံခဲ့ရသောဒေသဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာအတွင်းရှိ စာသင်ကျောင်းကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ကလေး သူငယ်များ သေဆုံးခဲ့ရသည်။

ပြီးခဲ့သည့်၂၀၂၁ခုနှစ် အောက်တိုဘာလ ၁ရက်နေ့မှ ယခုနှစ်စက်တင်ဘာလ ၃၀ရက်အထိ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူစုစုပေါင်း ၈,၁၀၀ဦးသည် နေရပ်စွန့်ခွာထွက်ပြေးနေရပြီး နေအိမ်ပေါင်း ၁၃၈လုံး ပျက်စီးဆုံးရှုံးခဲ့ရသည်။

NUGက ပြည်သူလူထုအနေဖြင့် လေကြောင်းတိုက်ခိုက်မှုများခံရပါကလည်း လုပ်ဆောင်ရမည့် နည်းလမ်းများအဖြစ် (၁)စိတ်ကို ငြိမ်ငြိမ်ထားပါ ။ (၂)အနီးဆုံးအကာအကွယ်သို့ရောက်အောင် သွားပါ။(၃) ဦးတည်ရာမဲ့ မပြေးရ၊ မအော်ရ။(၄) နံရံများကို မမှီရပါ နှင့် (၅) ညွှန်ကြားချက်များကို လိုက်နာပါဟူ၍လည်း မနေ့ကထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်ကိုတွေ့ရသည်။

စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုများကို ပြန်လည်ခုခံရန်အတွက်လည်း လေယာဥ်ပစ်လက်နက် ရှိနေပြီဖြစ်ကြောင်း အောက်တိုဘာလ ၇ရက်‌နေ့က အွန်လိုင်းက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီး ဦးထင်လင်းအောင်ကပြောကြားခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#စစ်ကောင်စီ

#လေကြောင်းတိုက်ခိုက်မှု

#NUG

#ကလေးငယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required