ကနီမြို့နယ်ရှိ ကျေးရွာတွင် NUG ပညာရေးကျောင်း ဆောင်းရာသီ အားကစားပွဲတော် ကျင်းပ

By လွှမ်းမိုး
12 November 2022
ကနီမြို့နယ်ရှိ ကျေးရွာတွင် NUG ပညာရေးကျောင်း ဆောင်းရာသီ အားကစားပွဲတော် ကျင်းပ

နိုဝင်ဘာ ၁၂

မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း ၊ ကနီမြို့နယ် အတွင်းရှိ ကျေးရွာတစ်ခုတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးကျောင်း၏ ဆောင်းရာသီ အားကစားပွဲတော်ကို ပြီးခဲ့သည့် နိုဝင်ဘာလ၁၀ ရက်နေ့ နံနက်ပိုင်းက စတင်ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါကျောင်း၏ ဆောင်းရာသီ အားကစားပွဲတော်ကို နိုဝင်ဘာ ၁၀ ရက်နေ့ နံနက် ၉ နာရီက စတင်၍ ကျင်းပခဲ့ခြင်းဖြစ်သည်။

“ ဆောင်းရာသီ အားကစားပွဲတော်ကို အခက်အခဲတွေ ကြားထဲကနေ ကျင်းပခဲ့ရတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ရှေ့မှာလည်း စစ်ကောင်စီတပ်က စာသင်ကျောင်းတွေကို ပစ်မှတ်ထားပြီး ရည်ရွယ်ချက် ရှိရှိနဲ့ လေကြောင်းသုံးတိုက်ခိုက် ခဲ့တာမျိုးတွေ ရှိတော့ ကြိုတင်ပြင်ဆင်မှုတွေ အများကြီး လုပ်ခဲ့ရပါတယ်။ ကျောင်းသား ၊ မိဘ ၊ ဆရာ တွေ လက်တွဲညီညီ နဲ့ စုပေါင်းပြီး လုပ်ခဲ့တာ ဖြစ်တဲ့ အတွက် ဆောင်းရာသီ အားကစားပွဲတော်ကို တော့ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်” ဟု အဆိုပါ NUG ပညာရေး ကျောင်းတွင် စာသင်ကြားပေးနေသည့် CDM ဆရာ တစ်ဦးက ပြောသည်။

ဆောင်းရာသီ အားကစားပွဲတော်ကျင်ပခဲ့သည့် NUG ပညာရေး ကျောင်းတွင် ကျောင်းသား ကျောင်သူ အယောက် ၄၀၀ ခန့် ကို CDM ဆရာ၊ ဆရာမ ၃၄ ယောက် က စာသင်ကြားပေးနေပြီး အခက်အခဲများ ရှိနေကြောင်း အဆိုပါကျောင်း၏ တာဝန်ခံ ဆရာတစ်ဦးထံက သိရသည်။

“ ကျွန်တော်တို့ ကျောင်းမှာ CDM ဆရာ ၊ ဆရာမတွေ အတွက် ထောက်ပံ့ကြေးကတော့ မြို့နယ်ပညာရေး ဘုတ်အဖွဲ့က ပေးတဲ့ ငါးသိန်းကျပ်က လွဲပြီး ဘယ်ကမှ ထောက်ပံ့ကြေး ရတာမျိုး မရှိသေးပါဘူး ။ စာမေးပွဲ စစ်ဖို့ အတွက် A4 စာရွက်တွေ လိုအပ်တယ်။ သင်ကြားရေး အထောက်အကူ ပစ္စည်းတွေ ဖြစ်တဲ့ မြေဖြူ ၊ မာကာပင် က အစ လိုအပ် ချက်တွေ ရှိတယ်” ဟု တာဝန်ခံ ဆရာ က ပြောသည်။

စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်း၏ အနောက်ဘက်လွင်ပြင်ဒေသများ ကို လေကြောင်း၊ ကြည်းကြောင်းများဖြင့် စစ်ကြောင်းထိုးကာ စီးနင်းဖျက်ဆီးမှုများ ပြုလုပ်လျက်ရှိသည်။

စာတည်း။ ။မောင်ကောင်း

#စစ်ကိုင်းတိုင်း

#ကနီမြို့နယ်

#NUGပညာရေးကျောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly