မင်းတပ်မြို့နယ်တိုက်ပွဲအတွင်းစစ်ကောင်စီတပ်သား ၂ဦးသေ ပြည်သူများမီးရှို့အသတ်ခံရ

မင်းတပ်မြို့နယ်တိုက်ပွဲအတွင်းစစ်ကောင်စီတပ်သား ၂ဦးသေ ပြည်သူများမီးရှို့အသတ်ခံရ

November 11

မဇ္ဈိမ။ ။ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံး ပြီး ၎င်းတို့တပ်စွဲထားချိန်တွင် ပြည်သူများအား မီးရှို့သတ်ဖြတ်ထားခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) ပြန်ကြားရေးဌာန မှ နိုဝင်ဘာလ ၁၁ ရက် ယနေ့တွင်သတင်းထုတ်ပြန်သည်။

နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ကာကွယ်ရေးတပ်ဖွဲ့ဝတ်စုံများ ဝတ်ဆင်ထား သည့် စကစတပ်ဖွဲ့ဝင်ငါးဦးသည် ပလုံတွီကျေးရွာအားဝင်ရောက်ခဲ့ပြီး နောက်မကြာမီတွင် အင်အား ၁၂၀ ခန့်ဖြင့် ရွာကိုဝင်စီးပြီး ဒေသခံ ၄၀ ဦးကို ဖမ်းဆီးခဲ့ကြောင်းဆိုသည်။

မွန်းလွဲ ၁၂ နာရီ ၃၀မိနစ်ခန့်တွင် အဆိုပါစစ်ကြောင်းကို CDF – Mindat မှ အနီးကပ် နှစ်ကြိမ်တိုက်ခိုက်ခဲ့ ရာ စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးသွားခဲ့ပြီး ဓားစာခံပြည်သူများရှိနေသည့်အတွက် စစ်ဆင်ရေးပြု လုပ်ရန်ခက်ခဲခဲ့ကြောင်း ဖော်ပြထားသည်။

နိုဝင်ဘာလ ၈ ရက်နေ့တွင် ဓားစာခံများထဲမှ အမျိုးသားခုနစ်ဦးကို လက်ပြန်ကြိုးတုပ်၍ အခြားတစ်နေရာ သို့ခေါ်ဆောင်သွားခဲ့ပြီး ၎င်းခုနစ်ဦးအနက်မှခြောက်ဦးမှာ ယခုအချိန်အထိ အဆက်အသွယ်မရသေးသော ကြောင့် မီးရှိ့အသတ်ခံရသူများထဲတွင် ၎င်းတို့ပါဝင်နိုင်ပြီး ပျောက်ဆုံးသူ ကိုးဦး အထိရှိနေကြောင်းသိရ သည်။

“ကျနော်တို့အနေနဲ့ စစ်ကောင်စီနဲ့အပေါင်းအပါတွေကို မှတ်ချပြုစရာ စကားလုံးတောင်ရှာလို့မရတော့ ပါဘူး။ ရက်စက်ယုတ်မာမှုတွေက လူမဆန်လွန်းတဲ့အတွက် လူလို့တောင်သတ်မှတ်လို့မရတော့အတွက် ပြောစရာစကားကိုမရှိသလောက်ပါပဲ” ဟု CDF – Mindat ပြောရေးဆိုခွင့်ရှိသူ ဟားအွမ်က မဇ္စျိမကို ပြောသည်။

စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာသွားပြီးနောက် CDF – Mindat မှ နယ်မြေရှင်းမှုပြုလုပ်ခဲ့ရာ လူမဆန်စွာ မီးရှို့သတ်ဖြတ်ခဲ့သောနေရာအား စစ်ဆေးရာတွင် မီးရှို့ပြီးနောက် ကြွင်းကျန်သောအရိုးစုများ ကိုလည်း ကြေမွအောင်ထုချေခဲ့သောကြောင့် ကျန်ရစ်သောမိသားစုများအနေဖြင့် ယုံကြည်ကိုးကွယ်ရာ ဘာသာဓလေ့ထုံးစံများအတိုင်း ပြုလုပ်ရန်ပင်မဖြစ်နိုင်တော့ကြောင်းဆိုသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်ခန့်တွင် စစ်ကောင်စီတပ်များ တပ်ဆုတ်သွားခဲ့ပြီး အဖမ်းအဆီးခံ အမျိုးသားတစ်ဦးအားခေါ်ဆောင်သွားကာ ညနေ ၃ နာရီ ၁၅ မိနစ်တွင် ထီးလင်းမြို့ထဲသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

ပလုံတွီရွာအတွင်းရှိနေအိမ်များကို စစ်ကောင်စီတပ်မှဖျက်ဆီးခဲ့ပြီး ပျက်စီးဆုံးရှုံးမှု အခြေအနေအသေး စိတ်ကို မဇ္စျိမအနေဖြင့် သိရှိနိုင်ခြင်းမရှိသေးပေ။

ချင်းကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် အဆက်အသွယ်မရသေးသောသူများအား တောနင်းရှာဖွေမှုများ ဆောင်ရွက်လျက်ရှိပြီး ဓါးစာခံစစ်ဘေးရှောင်များနှင့် ရွာခံအများစုအား လုံခြုံရာသို့ ပြောင်းရွှေထားပေးပြီး ဖြစ်ကြောင်းဆိုသည်။

၎င်းတို့အနေဖြင့် ပလုံတွီတိုက်ပွဲအတွင်းကျဆုံးသွားခဲ့သူများအတွက် ကျန်ရစ်သောမိသားစုများနှင့် ထပ်တူ ဝမ်းနည်းရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုဝင်ဘာလ ၁၁ ရက် ယနေ့တွင် ထီးလင်းမြို့ရှိ စစ်ကောင်စီတပ်များ အထုပ်အပိုးများ ပြင်ဆင်လျက်ရှိနေ သောကြောင့် ထီးလင်းနှင့်မင်းတပ်နယ်များတွင် သွားလာခြင်းများမပြုလုပ်ကြရန် CDF – Mindat မှ အသိပေးထားသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#ချင်းပြည်နယ်

#CDF-Mindat

#မင်းတပ်မြို့နယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required