ဝက်လက်နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီကျည်ကြောင့် သေဆုံးသူရှိ ၊ ၄ နှစ်အရွယ် ကလေးငယ် အပါအဝင် ၄ ဦး ဒဏ်ရာပြင်းထန်

ဝက်လက်နယ်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီကျည်ကြောင့် သေဆုံးသူရှိ ၊ ၄ နှစ်အရွယ် ကလေးငယ် အပါအဝင် ၄ ဦး ဒဏ်ရာပြင်းထန်

November 8

ကော်သူးလေ(မဇ္ဈိမ)။      ။စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိန်းမကား ကျေးရွာရဲစခန်းမှ စစ်ကောင်စီတပ်သားများ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး လေးနှစ်အရွယ် ကလေးငယ် အပါအဝင် လေးဦးဒဏ်ရာ ပြင်းထန်ကြောင်းသိရသည်။

ယမန်နေ့ နိုဝင်ဘာလ ၇ ရက် ည ၈ နာရီအချိန်ခန့်တွင် ရှိန်းမကားရဲစခန်းမှ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ကြရာ ရှိန်းမကားရွာ တောင်ပိုင်းရှိ နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲခြင်းဖြစ်သည်။ 

“မနေ့ညက ရှိန်းမကားရဲစခန်းကနေ ပတ်ပတ်လည်ကို လက်နက်ကြီးတွေနဲ့ပစ်တာ၊ အဲ့မှာ တောင်ဘက်ကိုပစ်တဲ့အလုံးက ရှိန်းမကားရွာက နေအိမ်ပေါ်ကိုကျတာ အိမ်ကိုလည်းမီးလောင်တယ်။  လေးနှစ်သား ကလေးလေးက ခေါင်းကိုမှန်သွားတယ် အခြေအနေသိပ်မကောင်းဘူး။ သူ့အမေက ပွဲချင်းပြီးဆုံးတယ် သူ့အဖေနဲ့ အဖွားတစ်ဦးက ဒဏ်ရာတွေရတယ်” ဟု ဖြစ်စဉ်အတွင်း ထိခိုက်သည့်အခြေအနေကို ဝက်လက်အခြေစိုက် Wetlet Revolution Front အဖွဲ့တာဝန်ခံ ကိုနန္ဒကရှင်းပြသည်။ 

စစ်ကောင်စီတပ်သားများသည် ထိုသို့ ညစဉ်နီးပါး လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်လေ့ရှိပြီး အများအားဖြင့် ၆၀ မမ လက်နက်ကြီးအမျိုးအစားဖြင့် ပစ်ခတ်မှုပြုလုပ်လေ့ရှိကြောင်း ၎င်းကပြောသည်။ 

"ရမ်းသန်းပစ်နေတာ။ ဆူညံနေတာပဲ "ဟု ဒေသခံတစ်ဦးကဆိုသည်။

အဆိုပါနေအိမ်တွင် အမျိုးသား၊  အမျိုးသမီး၊ ကလေးငယ်နှင့် အဘွားဖြစ်သူတို့ နေထိုင်ကြကြောင်း သိရသည်။  

ယမန်နေ့ည ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြသည့် ဒေသခံပြည်သူများမှာ နီးစပ်ရာတွင်ဆေးကုသမှုခံယူလျက်ရှိကြောင်း ကိုနန္ဒကပြောပြသည်။

စစ်ကောင်စီတပ်သားနှင့် ရဲတပ်သားများအထိုင်ချရာ ရှိန်းမကားရွာသည် မင်းဝန်းတောင်ခြေ၊ ဧရာဝတီမြစ်နံဘေးတွင်တည်ရှိပြီး ဝက်လက်မြို့နှင့်မိုင် ၃၀ ခန့်ကွာဝေးသည်။ 

ထိုစခန်းအား ဇွန်လ ဒုတိယအပတ်တွင် ဒေသခံကာကွယ်ရေးတပ်များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး နောက်ပိုင်းတွင် ရဲစခန်းအတွင်းမှ အနီးဝန်းကျင်ဒေသများသို့  လက်နက်ကြီးပစ်ခတ်မှုများ နေ့စဉ်နှင့်အမျှ ပြုလုပ်နေကြခြင်းဖြစ်သည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#စစ်ကိုင်းတိုင်း
#ရှိန်းမကားကျေးရွာ
#စစ်ကောင်စီတပ်
#လက်နက်ကြီးပစ်ခတ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly